28 June 2012

နင်အမောပြေ ဖတ်ဖို့


နင်ခရီးက ပြန်လာရင်ဖတ်ဖို့ အမောခံပြီး သူများနားသွားကော်ပီ ပြီး ဆားဖြူးနှမ်းသပ်ထားတာ....

တကယ်လို့ တစ်နေ့နေ့မှာ......
ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊
စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့.....

တကယ်လို့ တစ်နေ့နေ့မှာ.....
ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊
နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းမချခင် ချစ်စရာစကားလေးပြောပါဆိုပြီး ပူဆာတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမနေပါနဲ့...

တကယ်လို့ တစ်နေ့နေ့မှာ....
နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ?အွန်လိုင်းပယ်ချိန်တက်လာမလဲဆိုပြီး သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ အွန်လိုင်းလာမတက်ရင်၊ ငါ့ကိုအကြာကြီးပစ်ထားရင် နင့်ကိုငါ ပယ်တော့မှ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊
နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမနေပါနဲ့...

တကယ်လို့ တစ်နေ့နေ့မှာ.....
နင့်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါဂျီကျခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။
ငါ့ရဲ့ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။
ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။

တကယ်လို့ တစ်နေ့နေ့မှာ....
နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူသိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။
ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။
ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။
နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။
နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။
ခံစားချက်ကမ္ဘာထဲမှာ "မျှတ"တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။
နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ.....

တကယ်လို့ တစ်နေ့နေ့မှာ....
နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။
နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။
ဒါတွေက ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်းငါသိတယ်။
လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ခဲ့ပါတယ်......

တကယ်လို့ တစ်နေ့နေ့မှာ
ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲ မသိခဲ့ဘူး!
နင်ကတော့ နင်ပါပဲ... ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား!
နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား! နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။
နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။
နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။
အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်....

ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။
ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ထားပါတယ်။
ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့ဘူး။ နင့်ကို သံယောဇဉ်တွေအထပ်ထပ်နွယ်၊  နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကိုတစ်ယောက်ထဲလွမ်းတဲ့သူပဲ ဖြစ်ခဲ့တာ။ ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ နဲနဲပါးပါးခံစားသွားမယ်.... အဲဒီနောက်တော့ နင့်ကိုငါ ခွဲထွက်သွားတယ်။

မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်......

Copy from NN..

သူ

မြူတွေနဲ့အုံ့စိုင်းပြီး ညို့မှိုင်းနေတဲ့ တောင်ကြီးရဲ့ မိုးရာသီက အိပ်ရာထဲကနေ မထချင်လောက်အောင် အေးစိမ့်နိုင်လွန်းသည်။ စနေနေ့မို့ ကျူရှင်ချိန်လဲ နေ့လည် ၂ နာရီမှ တက်ရမည်။  အိပ်ရာထဲ သူငယ်ချင်း၂ ယောက် ကျောချင်းကပ်ပြီး အတွေးကိုယ်စီနှင့် ငြိမ်နေကြသည်။ တောင်ကြီးတွင် နီလာနှင့် ကျမက ၁၀တန်းစာကြိုတင်ပြင်ဆင်ရန်အတွက် နွေရာသီ ကျုရှင်တက်နေကြခြင်းဖြစ်သည်။ အိပ်နေရင်းမှ ဒီနေ့ စနေဆိုတော့ ဆက်သွယ်ရေးရုံးသို့ သွားရမည်ကိုသတိရမိသည်။ မေလ နောက်ဆုံးပါတ်တွင် သူ တောင်ကြီးလာမည်ဟု ပြောခဲ့သည်။ လာဖို့ သေချာ မသေချာ မေးရန်အတွက် ဒီနေ့အာတီခေါ်ကြည့်ရမည်။ ဒီတခါ သူတောင်ကြီးပြန်လာလျင် ခေါ်လည်မည်ဟု မိမိအား ပြောထားသေးသည်။ ကတိပျက်လို့ကတော့ ကျောကို ဗုံလို တီးမည်ဟု ကျမ ကြိမ်းခဲ့သေးသည်။ သူက ကတိတည်သည်။ သို့သော်လာမည့်ရက်  သေချာမှုအတွက် အာတီခေါ်ရမည်။ ကျမတို့ နယ်ဒေသတွင် ဖုန်းမရှိ၍ ဆက်သွယ်ရေးအတွက် ဖုန်းအစား အာတီနှင့် ကြေးနန်းသာ အဓိကဖြစ်သည်။   ။။

သူဆိုသည်မှာ အဘယ်သူနည်း?ဘာကြောင့် ကျမ ဒီလောက် ရင်းရင်းနှီးနှီးစကားဆိုရသနည်း?
သူနှင့် ကျမသည် ၂ တန်းကတည်းက ပေါင်းလာခဲ့သော သူ၊  ကျမဘ၀ရဲ့ အချိန်အတော်များများကို သူနှင့်အတူ ဖြတ်သန်းခဲ့သည်။ ဒီနှစ် ကျမ ၉တန်းအောင်ပြီးလို့ ၁၀ တန်းစာကို ကြိုတင်ပြင်ဆင်ထားရန် နွေရာသီ ကျုရှင်တက်ပေမဲ့ သူကတော့ ကျောင်းဖွင့်လျင် ကျောင်းစရိတ်နှင့်ဘော်ဒါဆောင်စရိတ်ကို ကိုယ်တိုင်ရှာနေရသည်။ နွေကျောင်းပိတ်ရက်များတွင် သူသည် ကားစပါယ်ယာအလုပ်၊ လက်သမားအလုပ် စသည်ဖြင့် ကြုံရာ လုပ်ပြီးပိုက်ဆံစုခဲ့သည်။ သူဒီလို အလုပ်လုပ်နေ၇တာ ၂ နှစ်ရှိခဲ့ပါပြီ။ မိမိတို့ ၇ တန်းအောင်ပြီး သူ့မိဘက စီးပွားအဆင်မပြေဖြစ်ခဲ့သည်။ တောင်ကြီးတွင်သာ ကျောင်းတက်ချင်သော သူ့က နယ်တွင် ကြုံရာအလုပ်လုပ်ပြီး ကျောင်းတက်ဖို့ ပိုက်ဆံကျစ်ကျစ်ပါအောင်စုသည်။ အနည်းငယ်လိုအပ်သော ကျောင်းစရိတ်ကို သူ့အဖွားက ကျောင်းမုန့်ဖို့အဖြစ်ပေးသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက်သား။ အမ ၁ ယောက်နှင့် ညီလေး ၂ ယောက်ရှိသည်။ သူ့မိဘက သူ့အမနှင့် ညီငယ် ၂ယောက်အတွက် ကျောင်းစရိတ်ကို မနည်းကြိုးစားထောက်ပံ့နေရသည်။ သူ့က သားကြီးဖြစ်လို့ သူ့မိဘ ဆီက မတောင်းချင်ဟုပြောသည်။ ကျောင်းစရိတ်ကို ကိုယ့်ဘာသာရှာမည်ဟုပြောသည်။ ပြီးခဲ့တဲ့ ကိုးတန်းနှစ်က ကျောင်းကို တစ်လကျော် နောက်ကျမှ တက်ခဲ့ရလေသည်။ ကျောင်းအုပ်ကြီးကို အလျောက်ကောင်းလို့သာ ကျောင်းဆက်တက်ခွင့်ရခဲ့သည်။ ဒီနှစ်က ၁၀ တန်း ဆိုတော့ မိမိတို့အတွက် ပိုအရေးကြီးသည်။ မေလမကုန်ခင် တောင်ကြီးအရောက်လာရန် မောအောင်ပင် သူ့ကို အကြိမ်အကြိမ် မှာခဲ့ရသေးသည်။ ကြေးနန်းရုံးသို့ နီလာနှင့် ၂ ယောက်လာခဲ့သည်။ ကြေးနန်းရုံးတွင် အာတီခေါ်ရန် တန်းစီစောင့်ရသေးသည်။ ကျမတို့မြို့နယ်က ကြေးနန်းရုံးကို  သူ့အားသွားခေါ်ပေးရန်ချိန်းရသေးသည်။ ကြေးနန်းရုံးတွင် ၁ နာရီ ခွဲလောက် ငုတ်တုတ်ထိုင်အချိန်ဖြုန်းကြပြီးမှ သူနှင့် စကားပြောရတော့သည်။ ၉၀ ခုနှစ်များဆီက ဆက်သွယ်ရေးဒုက္ခကြီးပင်။ သူ မေလ မကုန်ခင် တောင်ကြီးလာမည်ဟု ကတိပေးပြီးပြီ။ သူလာတော့မည်ဟု အတိအကျ သိ၇တော့  စိတ်ထဲပျော်ရွင် ပေါ့ပါး သွားပါပြီ။ ကျမဘေးတွင် ငယ်ပေါင်းရောင်းရင်းတွေ အများကြီးပါ။ ဒါပေမဲ့ သူ့ကို ခင်တွယ်သော၊သံယောဇဉ်ကြီးသော ကျမက သူ့အလာကို စောင့်ရသည်မှာ တော်တော်မောပါ၏။ နီလာဆိုတာကလည်း သူငယ်တန်း ကတည်းက ပေါင်းလာသူ။ ငယ်ရင်းကြီးပင်။ သူမကတော့ နွေရာသီ ကျူရှင်ပြီးတာနှင့် ကျမတို့ နယ်တွင် ကျောင်းပြန်တက်မည်ဖြစ်သည်။ နီလာမပြန်ခင် သူ့ကို အရောက်လာစေချင်သည်။ နီလာက သူမ မပြန်ခင် သူငယ်ချင်းတွေနှင့် အေးသာယာဖြစ်ဖြစ်၊ ပင်းတယ ဖြစ်ဖြစ် သွားလည်ချင်သည်။ သူရောက်လာရင်တော့ ဆန္ဒတခု ပြည့်ပြီ။

သူနှင့်ကျမသည် ဒုတိယတန်းကတည်းက ဘော်ဒါဆောင်တူတူနေခဲ့ကြသည်။ မိဘများက တစ်နှစ်မှ တခါသာ ကျမတို့ကို လာလည်သည်။ ကျမ မှတ်မိသလောက် ကျမ ၄ တန်းကတည်းက ကျမမိဘများသည် တစ်နှစ်တခါတောင် ကျမဆီကို မရောက်ဖြစ်တော့ချေ။ လူကြုံနှင့်သာ ပိုက်ဆံပါးလိုက် ၊ မုန့်ပါးလိုက် လုပ်ကြတော့သည်။ တော်တော်ပင် အလုပ်ရှုပ်ကြသည်ထင်။ ကျမတို့၏ အဓိက အုပ်ထိန်းသူသည် အဆောင်မှုး ဆရာမကြီး ဖြအငစ်သော်လည်း ၊ အရေးပေါ် အုပ်ထိန်းသူသည် မိမိတို့ အချင်းချင်းသာ။ လပါတ်စာမေးပွဲ ရီပို့ကဒ်တွင် ဘာသာရပ် ရမှတ်နဲပါကအုပ်ထိန်းသူနေရာတွင် လက်မှတ်ထိုးရန် မိမိတို့ အချင်းချင်းသာ အုပ်ထိန်းသူလုပ်ကြတော့သည်။ မနက်ပိုင်း ဘောလုံးကန်သွားရ၍ ကျောင်းတက်ချိန် နောက်ကျတတ်သော သူ့အတွက် လက်မှတ်ထိုးပေးရန် အုပ်ထိန်းသူသည်ကျမသာဖြစ်သည်။

သူသည် အတွေးများနှင့် ငြိမ်သက်တိတ်ဆိတ်တတ်သောသူဖြစ်သည်။ စာအုပ်များနှင့် ဂိမ်းသည် သူ၏ ဒုတိယ အဖော်များဖြစ်ကြသည်။ သူ့တွင် သူ့မိသားစုအတွက် ရည်မှန်းချက်ကြီးကြီးမားမားတွေရှိသည်။ သူ့အနာဂတ်အတွက် စီမံကိန်းတွေရှိသည်။ သူသည် အင်ဂျင်နီယာကြီးတဦးဖြစ်ချင်သည်။ ကျမကို တက္ကသိုလ်ဆရာမ ဖြစ်စေချင်သူပါ။ မိမိတို့ စိတ်ချမ်းသာမှုသာ အဓိက ဖြစ်ပြီး ငွေကြေးနှင့် ဂုဏ်ပကာသနသည် ဘ၀အတွက် အရေးကြီးဆုံး မဟုတ်ကြောင်း ပြောတတ်သူ။ အေးအေးချမ်းချမ်း ဘ၀မျိုးနှင့် နေထိုင်သွားရန် သူအမြဲပြောခဲ့ဖူးသည်။ မိသားစုရဲ့ စီးပွါးရေးအတက်အကျကြောင့်သူသည်အရွယ်နှင့်မမျှ ကြံ့ခိုင်တည်ငြိမ်ရင့်ကျက်သူ တစ်ဦးဖြစ်လာသည်။ သူသည် ကျမထက် ၁ နှစ်နှင့် ၃ လ အသက်ကြီးသော်လည်း သူ့နာမည်ကိုသာ ခေါ်သည်။ ကျမသည် သူ့ကို တခါတလေ ဂျီကျဂျစ်တိုက်တတ်ပြီး ပေကတ်ကတ်လုပ်တတ်သော်လည်း ကလန်ကဆန်လုပ်လေ့မရှိပါ။

သူသည် စိတ်ရှည်သူမဟုတ်သော်လည်း အမြဲတမ်းမာကျောကျွတ်ဆတ်နေသူတော့မဟုတ်ပေ။ မရင်းနှီးသော သူများက သူ၏ မှုန်တေတေ မျက်နှာထားကြောင့် ခေါ်ပြောရန်တွန့်ကြသည်။ သူသည် လွယ်လွယ်နှင့် ခင်မင်မှုပြုတတ်သူမဟုတ်လင့်ကစား သူတပါးအား ဖော်ဖော်ရွေရွေတော့ ဆက်ဆံတတ်ပါသည်။ တင်းတင်းစေ့ထားသောနှုတ်ခမ်း၊ ရှေ့တူရူကိုသာ ကြည့်တတ်သော မျက၀န်းနက်တစ်စုံ ကြောင့်သာ ဂျစ်ကန်ကန်ရုပ်ပေါက်တာ။ ပါးချိုင့်လေးတွေနှင့်  ပြုံးရယ်လိုက်လျင်  ပီပိကလေးငယ်ရုပ်။   ။။

ကျမတို့နှစ်ယောက်သည် အကြိုက်လည်းမတူ၊ စရိုက်လည်းလုံးလုံးမတူကြပါ။  ထိုဖူးနွေးမကြိုက်သောသူနှင့် လက်ဖက်ရည် မကြိုက်သော ကျမ  မနက်စာ မုန့်ဆိုင်သွားဖို့အရေး အမြဲပင် ငြင်းခုံကြရသည်။ ထိုဖူးနွေးနှင့် ရှမ်းခေါက်ဆွဲကို ဘယ်ဘ၀က ရေစက်မှန်းမသိ သူတော်တော်မုန်းပါသည်။ မနက်စာအတွက် သူစားတတ်တာဆို ဟင်းထုပ်၊ ဖက်ထုပ်၊ ဆီချက်ခေါက်ဆွဲတမျိုးမျိုး နှင့် လက်ဖက်ရည်သာ။ ကျမက လက်ဖက်ရည်ဆို အနံ့တောင်မခံနိုင်ပေ။ ငယ်ငယ်က ခနခန ဖျား၍ ဆေးမသောက်ခင်  လက်ဖက်ရည် ၊အိုဗာဒင်း စသည်ဖြင့် သောက်ခဲ့ရသည်။  ဆေးသောက်၍ ပြန်အန်ချလျင် ၎င်းအနံ့ပါ ပါလာသည်။ ထို့ကြောင့် လက်ဖက်ရည်၊ အိုဗာဒင်း၊ ဆန်ပြုတ်တို့ကို ကျမ တော်တော် မုန်းခဲ့ပါသည်။

သူသည်ဆေးသောက်ရန် အင်မတန်လွယ်ကူသူဖြစ်သည်။ ဆေးလုံး ဘယ်လောက်ကြီးကြိး မျိုချနိုင်သည်။ ဆေးထိုးခြင်းကိုတော့ သေအောင်ကြောက်သောသူဖြစ်သည်။ ကျမသည် ဆေးသောက်တာကို မကြိုက်ပေမဲ့ ဆေးထိုးတာကိုတော့ မကြောက်ပေ။ သူ ၈တန်းရောက်တော့ ကျောင်းဘောလုံးပွဲလည်းပြီး သူလည်းအပြင်းအထန်ဖျားသည်။ မေ့မျောလုနီးပါး ကိုယ်ပူ၍ဆေးခန်းသို့အရောက်တွင် သူနာပြုကေ၇ပါတ်တိုက်ပေးပြီး ဆေးထိုးရန် ပြင်သည်။ သူသတိရတချက် မ၇တချက်တွင်ပင် ဆေးမထိုးချင်ကြောင်းပလုံးပထွေးအော်သေးသည်။ ၊ သူနာပြုဆရာမလေးနှင့် ကျမ အပါအ၀င် ၃ ယောက်သားသူ့ကိုဝိုင်းချုပ်၍ ဆေးထိုး၇န် ပြင်ကြသည်။ ကျမက ဘေးကနေ၍ ဆေးထိုးတာ မနာကြောင်း၊ ခနလေးနှင့် အဖျားသက်သာကြောင်း တတွတ်တွတ်ပြောပေမဲ့ သူခေါင်းခါပြသည်။ သူလဲရုန်း ဆရာမလေးကလဲ တင်ပါးတွင် အပ်စိုက်၇န် အလျင်အမြန်လုပ်နှင့် ကျမတို့ ရှုပ်ယှက်ခတ်နေကြသည်။ တင်ပါးကို အပ်စိုက်ချလိုက်ချိန်တွင် သူငြိမ်ကျသွားသည်။ သူကြောက်လွန်း၍ မေ့များသွားပြီးလားဟုငုံ့အကြည့်တွင် မျက်တောင်စင်း၍ ငြိမ်နေသည်ကိုတွေ့ရတော့ မမေ့သေးကြောင်း ကျမကို သူမျက်တောင်လှန်ကြည့်သည်။ ကျမပြုံးမိသည်ထင်။ သူ့နှုတ်ခမ်းဒေါင့် ကွေးတက်သွားတာကိုတွေ့လိုက်ရသည်။ သို့သော် ကျမ၏ အကြည့် သူ့တင်ပါးအရောက် အပ်ကြီးပြန်ထုတ်ချိန် အပ်ဖျားတွင် ပါလာသည့်အရာက ကျမပင် မေ့လဲသွားချင်အောင်ဖြစ်မိတော့သည်။ လက်မလောက်ရှိသော အသားတုံး။ သူ့တင်ပါးတွင်သွေးစီးကျလာသည်ကိုမြင်တော့ ကျမ ဒူးတွေချောင်လာသည်။ မျက်ရည်တွေလဲ ဘယ်ကရောက်လာမှန်းမသိ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ဆရာဝန်အပြေးဝင်လာပြီး ကိုယ်အရမ်းပူ၍ ဆေးထိုးလျင် ဒီလိုဖြစ်တတ်ကြောင်းပြောပြီး အနာဆေးထဲ့၇န် ပတ်တီးစီးရန် ကိုယ်တိုင်ညွန်ကြားလုပ်ဆောင်ပေးတော့သည်။ နာတဲ့သူကငြိမ်နေပေမဲ့ ကျမက ငိုနေတာကို မရပ်နိုင်။ တင်ပါးမှာ ဆေးထဲ့တော့ သူ့တွန့်ခနဲ တွန့်ခနဲ ဖြစ်သွားတာကိုကြည့်ပြီး ကျမပင်အတော်နာကျင်နေပြီ။ ဆေးခန်းတွင် တစ်ည အိပ်လိုက်ရသေးသည်။  ကျမ၏ကောင်းမှုကြောင့် သူ့တင်ပါးအသားအလှုခံလိုက်ရသည်ဟု တခါတလေ ကျမကို  နောက်တတ်သေးသည်။

ကျမတို့ ၂ယောက်ကို မောင်နှမဟု ထင်ကြသည်။ အဆောင်က လူသစ်တွေပင် မောင်နှမဟု ထင်ကြသည်။ မျက်နှာလည်း ခပ်ဆင်ဆင်တွေပင်။ ကျမ ၆ တန်းမှာ အပြင်းအထန်ဖျားချိန်တွင် သူသည် ဆေးခန်းနှင့်အဆောင် ကူးချီသန်းချီပင်။ ထိုအချိန်က ကျမအတွက် သူသာ အမိ ၊ အဖ လုပ်ခဲ့သည်။ ဆေးခန်းပို့ချိန်၊ ဆေးတိုက်ချိန်တွင်လည်း သူပင်။ ဆေးသောက်ရမည်ကို သေမလောက်ကြောက်တတ်သော ကျမကို သူ ဆေးတိုက်ချိန်တွင် အသူရာ နှင့် သိကြားမင်းစစ်ခင်းကြသဖွယ်။ အမျိုးမျိုးချော့တချီ..ခြောက်တလီ ဆိုပေမင့် သူသာမောသွားသည်။ ဆေးက မသောက်ရသေး။ အဆောင်မှုးလဲ ကျမ၏ ဆေးမသောက်ချင်သော ပေကတ်ကတ် အကျင့်ကိုသိ၍ ဝေးဝေးမှာသာ အခြေအနေကြည့်နေသည်။ ပါရာစီတမောကို ၄ ပိုင်းပြီး တပိုင်းစီသောက်ဖို့ လုပ်ပေးလဲ အလုပ်မဖြစ်ပေ။ နောက်ဆုံး အဆောင်က သူငယ်ချင်းများနှင့် ကျမကို ၀ိုင်းချုပ်၍ ဆေးကို ပါးစပ်ထဲအတင်းထဲ့ပေးပြီး နခေါင်းပိတ်မှသာ ဆေးတိုက်ခြင်းအလုပ် ပြီးမြောက်ပါတော့သည်။ တခါတလေ ပြန်အန်ထုတ်တတ်သေးသည်။ သူဆေးအတင်းတိုက်ချိန်များတွင် သူ့ကို ကိုက်တတ်၊ ကုတ်တတ်သေးသော လူဆိုးပါပင်။ သူစိတ်အညစ်ဆုံးအချိန်ကိုပြပါဆိုလျင် ကျမနေမကောင်းသောအချိန်များဟု ပြောတတ်သည်။ တကယ်လည်း ဟုတ်မည်ပင်။  ။။

သူသည် အမေကိုချစ်သော သားတစ်ဦလည်းဖြစ်သည်။  သူ့အမေကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့်အတွေ့အကြုံတွေက သူ့အတွက် လက်တွေ့သင်ခန်းစာများဟု ပြောသည်။ ကျမမှတ်မိသလောက် သူသည် ငယ်ငယ်ကတည်းကပင် မိန်းကလေးများနှင့်ပက်သက်သော အပြောအဆို၊ ဝေဖန်မှုများကို မပြုခဲ့ဖူးပေ။ ကူညီစရာရှိက ကူညီတတ်သည်။ မှတ်မှတ်ရရ ကျမတို့ ၆ တန်း တုန်းက အဖြစ်အပျက်လေးတခုကို သွားသတိရမိသည်။ ၂ ယောက်သား ကျူရှင်ကအပြန် ၈ တန်းကျောင်းသူ အမကြီးတယောက်နှင့် ဆုံတော့ သူမအိမ်ပြန်ရန်မိုးအတော်ချုပ်နေပြီဖြစ်သည်။ သူမအိမ်က လာမကြိုသေးဟုဆိုသည်။ ၂ယောက်သား လမ်းလျောက်၍ သွားပို့ပေးလိုက်ရသည်။ သူမအိမ်မှာ အတော်ပင်ဝေးပါ၏။ ရေအေးကွင်းမှ ဘုရားဖြူထိ လမ်းလျောက်ကြသည်။ နဲသော ခရီးမဟုတ်ပေ။ သူမအိမ်ရောက်တော့ သူမအဖွားက သူမအဖေ အောင်ပန်းက ပြန်မလာသေးဟုဆိုသည်။ ကျမက အပြန်တွင် တက္ကဆိငှားစီးမည်ဟု ပူဆာပေမဲ့ ငှားစရာ ကားက မရှိပေ။ အဆောင်ကို ၈ နာရီခွဲမှ ရောက်ကြသည်။  ။။

သူသည် ငယ်ငယ်ကတည်းကပင် အားကစားကိုဝါသနာသန်သည်။  ကျောင်းဘောလုံးအသင်းတွင် ၄ တန်းကတည်းက ကျောင်းလက်ရွေးစင်ဘောလုံးအသင်းတွင် စတင်ရွေးချယ်ခံရသည်။ ထိုအချိန်မှစ၍ သူသည် မနက်စောစောအချိန်တွင် သူ့ပြိုင်ဘီးလေးဖြင့် ကျောင်းဘောလုံးကွင်းသို့သွားလေ့ကျင့်သည်။ စာမေးပွဲချိန်မှလွဲ၍ အဆောင်ကလည်းခွင့်ပြုသည်။ စနေ၊တနင်္ဂနွေရက် ဖြစ်ပါက ကျမကိုပါ မနက်စောစော ထပြေးရန် မရအရ ခေါ်တတ်သည်။ စောစောထရမည့် အလုပ်မှန်သမျှ ကျမကလည်း မလုပ်ချင်သူ၊ ၀ါသနာမပါသူပင်။။ ဘယ်လောက် အရေးကြီးသော ကိစ္စဖြစ်စေ၊ စာမေးပွဲပင်ဖြစ်စေ   ၆ နာရီမှသာ ထတတ်သောသူ ကျမပင်။ ဘောလုံးကွင်းတွင် သူအဖော်မရှိသောအချိန်များကိုသာ ထလိုက်ပေးခဲ့သည်။ မုန့်ထုပ်များနှင့် ကွင်းဘေးတွင် ထိုင်ငိုက်နေတတ်သေးသည်။ နောက်ပိုင်း တဖြေးဖြေးနှင့်ကျင့်သားရလာပြီး မနက်စောစော ဘောလုံးကွင်းသို့ အမြဲလိုက်ဖြစ်ခြဲ့သည်။ အဆောင်က သူငယ်ချင်းများလည်း ကျမတို့နှင့်အတူ လိုက်ပြေးကြသည်။ တခါတလေ ဘောလုံးကွင်းတွင် ကျမတို့ အုပ်စုနှင့်သာ ဆူညံပွတ်လောရိုက်နေသည်။

သူသည် စားပွဲတင်တင်းနစ် နှင့် ကြက်တောင်ကို အထူးကျွမ်းကျင်သော အားကစားသမားလည်းဖြစ်သည်။ သူ့၏ကောင်းမှုကြောင့် ကျမသည် စားပွဲတင် တင်းနစ်ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်လာခဲ့သည်။ ကျမတို့၏ အားလပ်ချိန်အတော်များများကို ကျောင်းအားကစားခန်းမတွင်သာ ဖြုန်းတီးတတ်သည်။ ပင်းပေါင်ရိုက်ရင်း နွေရာသီမှ အလုပ်အတွေ့အကြုံများကို သူစိတ်လိုလက်ရပြောပြတတ်သည်။ ဤသည်ပင် ကျမအတွက် သူ့ဘ၀တိုက်ပွဲသင်ခန်းစာများကို အသစ်အဆန်းသဖွယ် ကြားဖူးနားဝရှိခဲ့သည်။ သူသည် ကျောင်းပြီးလျင် ဘာလုပ်ကြမည် ၊ ဘာလုပ်ရမည် စသည်ဖြင့်ပြောတတ်သေးသည်။ တက်ကြွသောဟန်ပန်နှင့် ပြတ်သားသော မျက်ဝန်းနက်တစုံသည် တိကျသေချာသော အနာဂတ်အတွက်ဟု ကျမယုံကြည်သည်။ ကျမပိုင်ဆိုင်ဖူးသော အနာဂတ်အိမ်မက်တခုပေါ့။

နှစ်သစ်ကူးချိန်ရောက်တိုင်း...တစ်အိမ်ဝင်တစ်အိမ်ထွက် ဂစ်တာတီး သီချင်းဆိုရင်း နှစ်သစ်ကူး၇န်ပုံငွေအတွက် (တူဂ်းဂ၀ူး)အဖွဲ့နှင့် မိုးလင်းပေါက်လိုက်သွားကြသေးသည်။ နှစ်ယောက်သား ပွဲပြီးမှသာအိမ်ပြန်ကြသည်။ အိမ်က ကျမတို့ နှစ်ယောက်အား ပွဲစောင့်နတ်ဟု ဆိုကြလေသည်။ တခါတလေ စိတ်မထင်လျင် မထင်သလို သီချင်းကောင်းကောင်းဆိုနေရင်းမှ ပေါက်ကရထအော်တတ်သေးသည့် ကျမတို့နှစ်ယောက်ကို အိမ်ကဆူညံမှုဖြင့် အော်ကြသည်။ ထိုကဲ့သို့သော အချိန်များသည် ဘာနဲ့မှလဲလှယ်၍ ပြန်မရနိုင်တော့ပေ။

မြို့ဘတ်ကားစီးပြီးလည်ရတာကို အင်မတန်သဘောကျတတ်သော ကျမနှင့် သူလိုက်ရသောအချိန်များတွင် မှုန်ကုပ်ကုပ်မျက်နှာကြီးကို ကျမ အင်မတန်သဘောကျပါ၏။ မြို့ဘတ်ကား၊ လိုင်းကားစီးရလျင် သူလမ်းလျောက်ဖို့ ပြောတတ်သည်။ လမ်းလျောက်လျင် ဘေးဘီဝဲယာကိုမကြည့်ပဲ ရောက်လိုရာ၊ သွားလိုရာ ရှေ့တူရှုကိုသာ ကြည့်ပြီး သွားတတ်သည်။ ကျမက ဟိုနားဝင်ချင်၊ ဒီနားကြည့်ချင် ဆိုပါက သူ့မှာ စိတ်မရှည်ချင်ပေ။ ကျမကလည်း ကြည့်ချင်တာကို ကြည့်ရမှ ကျေနပ်တတ်သူပီပီ သူ့ကို မရ ရအောင်အတင်းဆွဲခေါ်တတ်သည်။ တခါတုန်းက ရေခဲမှုန့်စားချင်သည်ဟု ပူဆာသောအခါနှစ်ယောက်သား ရေခဲမှုန့်ဆိုင်သို့ သွားကြသည်။ ကျမက ရေခဲမှုန့် ၂ ခု နှင့် ၀ါဂွမ်းမှုန့်(သကြားနှင့်လုပ်ထားသော)မှာလိုက်သည်။ ရေခဲမှုန့်တစ်ခုကို သူ့အားလက်ကမ်းပေးပြီး ဂွမ်းမုန့်ကို လျာနှင့် တို့စားနေရင်း သူ့အားလှမ်းကြည့်လိုက်ချိန်တွင် ကျမခွက်ထိုးခွက်လှန်ရယ်ချလိုက်သည်။ သူက ဘာရယ်တာလဲဟု အူကြောင်ကြောင်မေးသောအခါ ပြန်မဖြေနိုင်သေးပဲ သူ့ကိုကြည့်ပြီး အူလှိုက်သဲလှိုက် ရယ်နေမိသည်။ သူသည် ခွက်ထဲက အငွေ့ထနေသော ရေခဲမှုန့်ကို မစားသေးပဲ တဖူးဖူးနှင့် မှုတ်နေသည်။ နောက်မှ သူသဘောပေါက်ကာ ရှက်ရယ်ရယ်ပြီး နှုတ်က " ငါမေ့လို့။ အငွေ့ထနေတာကို ပူတယ်လို့ စိတ်ထဲက ထင်လို့ မှုတ်နေမိတာ" ဟု ခပ်တိုးတိုးပြောလေသည်။ ကောင်တာက လူတွေလည်း ရယ်ကြလေသည်။ သူသည် တခါတလေ ထိုကဲ့သို့ အတွေးလွန်တတ်သူပင်။ ထိုကဲ့သို့ အချိန်များကို ကျမပြန်လည်ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။

၂၀၀၀ ခုနှစ် ၊ဇွန်လ ပထမပါတ်သာ ကုန်သွားသည် သူတောင်ကြီးသို့ မရောက်လာသေးပေ။  နီလာလည်း နယ်သို့ ပြန်သွားပြီ။ အဆောင်မ၀င်ချင်သေး၍ အိမ်တွင် တယောက်တည်းနေနေမိသည်။ အခုတလော ကျမ အိပ်မက်တွေ မကောင်းပါ။ လူလဲ ခြောက်ခြာက်ချားချားကြီး ခံစားနေရသလိုပင်။ နယ်သို့ ကြေးနန်းရိုက်ပေမဲ့ အကြောင်းပြန်မလာပေ။ အိမ်ကို ကြေးနန်းရိုက်ပေမဲ့ အကြောင်းမထူးပါချေ။ ကျမ၏ မိဘများ ခရီးထွက်နေခြင်းဖြစ်ပေမည်ဟု စိတ်ထဲထင်မိသည်။ ဇွန်လ ၁၆ ရက် မနက်တွင် ကျမဆီသို့ သူ့အမေ ရောက်လာသည်။ ကျမကို မြင်သည်နှင့် ဖက်၍ချုံးပွဲချ ငိုချလိုက်သော ကြီးကြီးရီကြောင့် ဘာဖြစ်သည်ကို မသိပေမဲ့ စိတ်ထဲမှာ မကောင်းတော့ပြီ။ ကြီးရီ ငိုနေရင်း တော်တော်နှင့်စကားမပြောနိုင်ပေ။ နောက်မှ တလုံးချင်း "သမီးသူငယ်ချင်း မရှိတော့ဘူး" ဟု ပြောချလေသည်။ ကျမ ကြားရတာ မယုံနိုင်ပါ။ ကြောင်ပြီး ကြီးရီကို ကြည့်နေသေးသည်။ ကြီးရီက "သမီး သူငယ်ချင်းလေ မရှိတော့ဘူး၊ ကားမှောက်ရင်းဆုံးပြီ" ဟု နောက်တကြိမ် ကျမ ပခုံးကို ခါပြိး ပြောပြန်သည်။ တဒင်္ဂတွင် အသက်တောင်ရှုဖို့ မေ့သွာသည်။ ကိုယ့်ဘာသာကိုယ်လဲဘာဖြစ်မှန်းတောင် မသိတော့ချေ။ ရင်ထဲမှာ လှိုက်တက်လာသော အလုံးကြီးကြောင့် လည်ချောင်းတွေ ပူစပ်စပ်ဖြစ်လာသည်။ စကားတလုံးမှ ထွက်မလာနိုင်ပေ။ မျက်လုံးတွေ ပူစပ်လာပေမဲ့ မျက်ရည် ကျမလာခဲ့ပေ။ ကျမ မငိုခဲ့ပေ။ ကျမထိုင်ချလိုက်သလို ကြိးရီလဲ ထိုင်ချရင်းငိုနေသည်။ သူက ကျောင်းတက်ရက်အမီ လာမည်ဟု ပြောခဲ့သည်ပဲလေ။ သူ ရောက်အောင်လာမည်ပေါ့ဟု စိတ်ထဲ တွေးနေသည်။ သူ  ဆုံးပြီဆိုတာ မဟုတ်နိုင်။သူလာမှာပါ။   သူလာမှာ....သေချာတယ်......

ထိုအချိန်က မငိုမိခဲ့သော၊ ငိုဖို့မေ့ခဲ့သော ကျမသည် နှစ်များစွာကြာသည်အထိ သူ့ကိုလွမ်းရင်း အသံတိတ်ငိုကြွေးခဲ့သည်။ ဘာကြောင့် သူတယောက်တည်းကို အပြီးခေါ်သွားပြီး ကျမကို တယောက်တည်း ချန်ခဲ့တာပါလိမ့်ဟု ဒေါသဖြစ်ဖူးသည်။ လောကကြီးမတရားပုံကို ကျမ နာကြည်းမိပါသည်။ ကျမသည် ဆယ်စုနှစ်တခုနီးပါး ဘ၀အနိမ့်အမြင့်လှိုင်းတွေကြားမှာ အထီးကျန်စွာ ဖြတ်သန်းလာခဲ့သည်။ ဘ၀၏ပျော်ရွင်ခြင်းတို့ သူနှင့်အတူ ပါသွားခဲ့သည့်အလား အရယ်အပြုံးတို့ ဆိတ်သုဉ်းသွားခဲ့သည်။ စာအုပ်ဗီဒိုထဲက မှိုပင်စွဲနေသော ပိုင်ရှင်မဲ့ ပင်းပေါင်ပက်တံတစ်စုံ၊၊ ပိုးကိုက်ပြီး အနားစုတ်နေပြီဖြစ်တဲ့ ဂစ်တာတစ်လုံး၊ ပြိုင်ဘီးးအစိမ်းရောင်လေးတစ်စီး၊ အနီရောင်ဆွယ်တာတစ်ထည် နှင့် နှစ်သစ်ကူးပွဲတို့ကို ကျမကျောခိုင်းထွက်လာခဲ့တာ ၄ နှစ်ကျော်ခဲ့ပြီ။ အတိတ်ရဲ့ နာကျင်ကြေကွဲစရာတွေက  ထာဝရက်ဆောင်တွေပေါ့လေ.....

ကျမနဲ့ အတူ....ဇွန်လရဲ့ မိုးငွေ့တွေရယ်...အလွမ်းတွေရယ်...အထီးကျန်လမ်းပေါ်...

06 June 2012

သူ့မှာတမ်း

သူကပြောတယ်...

"နင်လေ...လူကိုတွေ့တိုင်း ဂျီမကျနဲ့
ပြင်ပဧရိယာရောက်နေတဲ့ ဖုန်းလိုင်းနဲ့
တ၀ီဝီလည်ပြနေတဲ့ အင်တာမနက်လိုင်းတွေကြောင့်
ငါလေ စိတ်မောတယ်...စိတ်ပင်ပန်းတယ်...

နင်လေ...ဒေါသကို နဲနဲလျော့ပါ
ငါလေ အချိန်ကို မလေးစားတာ မဟုတ်ပါ
ငါေ၇ာက်နေတဲ့ နေ၇ာက ကမ္ဘ့ာအပြင်ဘက်နဲ့မခြား
ရေ၊ မီး မရှားပေမဲ့ အကန့်အသတ်နဲ့မို့
ငါ့ကို တစ်စိတ်နားလည်ပေးပါ...

နင်လေ...လူကိုတွေ့တိုင်း စိတ်မကောက်ပါနဲ့
ငါလေတစ်ယောက်ထဲငုတ်တုတ်ထိုင်ရင်း...
အလဟသကုန်သွားတဲ့ အချိန်တွေကို နှမောလွန်းလို့ပါ...

နင်လေ....စိတ်ဆိုးနေရင်
နင့် အနားကနေ ငါ့ကို နှင်မထုတ်ပါနဲ့
မခေါ်မပြောဘဲ ပစ်မထားပါနဲ့
ငါလေ တစ်ယောက်ထဲ ယောင်ချာချာနဲ့ ကြေကွဲရလို့ပါ

နင်လေ...လူကိုတွေ့တိုင်း ဂျစ်ကန်ကန် မလုပ်နဲ့
ငါ့ကိုနဲနဲပါးပါး လေးလေးစားစားဆက်ဆံပါ...
တလောကလုံး၇ဲ့ သူရဲကောင်းမဖြစ်ချင်နေပါ
နင့်၇ဲ့သူရဲကောင်းတော့ ငါ့ကို ဖြစ်ခွင့်ပေးပါ...

နင်လေ..သတ္တိရှိရှိနဲ့ စိမ်းကားမပြပါနဲ
အနေဝေးလို့လဲ သွေးအေးမပြပါနဲ့
နင်စိမ်ပြေနပြေနဲ့ ထိုင်ပြီးပြဿနာရှာတဲ့
ငါ့ရဲ့ပူလောင်ပြာယာခတ်မှုတွေကို ငဲ့ညာပေးလှည့်ပါ

နင်လေ...အလှမက်ပြီး စတန့်မထွင်ပါနဲ့
လှတာကို ငါမမက်ပါဘူး...
စိတ်လှတာကိုဘဲ မြတ်နိုးတန်ဖိုးထားတာပါ
ငါ နင့်ကို ဘယ်လောက်ချစ်ချစ်
နင်အသားနာတာကို ခွဲဝေခံစားပေးလို့မရဘူး
အဲတော့ နင် အေးအေးဆေးဆေးနေပါ
စတန့်ထွင်တာ ဒီတခါ နောက်ဆုံးအကြိမ်ပဲ ဖြစ်စေချင်တယ်
အရူးမထပါနဲ့ "...တဲ့


သူ့မှာတမ်းထဲက တချို့တ၀က်...