05 August 2012

လွမ်းမောဖွယ်ရာ ..မန္တလာက ညစာထမင်းဝိုင်း

အိမ်ပြန်မယ်ဆိုတော့  နှစ်တွေအတော်ကြာအောင် မဆုံဖြစ်တဲ့ သူငယ်ချင်းတွေကို ဆုံနိုင်ဖို့ စဉ်းစားခဲ့တယ်။ ဒီလိုနဲ့ ဘယ်သူက ဘယ်မှာရောက်နေတယ်ဆိုတဲ့ အကြောင်းလေးသိရဖို့ လောလောလတ်လတ်မြေပြန့်မှာ အခြေချနေတဲ့ ငယ်ရင်းလေးနီလာကို ဖုန်းဆက်မေးရတယ်။ သူကလဲ တချို့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရနေသလို တချို့ကတော့ ဘယ်ရောက်နေမှန်းတောင် မသိ။ ဒီလိုနဲ့ သူ့ကို အားလုံးနဲ့ ပြန်ချိတ်ဆက်ထားဖို့ လောဆော်ရတော့တာပေါ့။

 နီလာနဲ့ ကတော့ အမြဲမဟုတ်ရင်တောင် အဆက်အသွယ်မပျက်အောင် တစ်ယောက်ဘယ်ရောက်နေသည်၊ ဘယ်မှာနေသည်ကိုတော့ ကြုံရင်ကြုံသလို လှမ်းဆက်သွယ်ထားလို့ ခြေရာတွေကောက်နိုင်သေးတာ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိမိရှိရာအရောက်လာလည်သွားလို့ သူ့မအား ဘယ်နေရာရောက်ရောက် ခြေရာလေးချန်ခဲ့ဖို့ အထူးမှာကြားခဲ့လို့ ကျေးဇူးရှင်နှင့် အဆက်အသွယ်ရနေတာ။ ပြီးခဲ့တဲ့ မေလ ပထမပတ်က သူမ အိမ်ထောင်ပြုမည့်အကြောင်းဖုန်းနှင့်လှမ်းပြောလိုက်လို့သာ မန်းလေးတွင် သူမရှိနေကြောင်းအတပ်သိနေခဲ့တာ။ သူမသည် ရတနာပုံတက္ကသိုယ်တွင် ကျောင်းတက်နေရင်း မန်းလေးသားနှင့် ဖူးစာဆုံခဲ့ရသည်ထင်။ အခုတော့ သူမလည်းအိမ်ထောင်ပြုသွားပြီ။ သူမ၇ဲ့အမျိုးသားက မန်းလေး-ရန်ကုန် သွားသွားလာလာလုပ်နေသောကြောင့် သူမကလည်း ၇န်ကုန်တလှည့် မန်းလေးတစ်လှည့် သွားသွားလာလာ လုပ်နေရသည်ဟု ပြောသည်။ သူမကိုဖုန်းဆက်ပြီး မိမိပြန်ရန်အစီအစဉ်ကို အချိန်ဇယားဆွဲခဲ့သည်။ မိမိ ရန်ကုန်သို့ မနက်ပိုင်းလေယာဉ်ဖြင့်ရောက်မည့် အကြောင်းကို ဖုန်းဆက်ထားသောကြောင့် သူမက ရန်ကုန်တွင် လာကြိုမည်ဟုပြောသည်။ ။ ကဲ... အားလုံးအဆင်ပြေတာပေါ့လေ။

ဒီလိုနဲ့ လေဆိပ်မှာ စောင့်နေတဲ့  တချိန်က အလှပကေးငယ်ရင်းလေးကို ကျန်းမာဝဖြိုး အလှတိုးနေတာကိုတွ့ခဲ့ရသည်။ သူမတို့ရဲ့ တိုက်ခန်းဆီသို့အရောက်မှာတော့ ၁၀ အရွယ်  မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာအလှပကေးကလေးမလေးတစ်ယောက်က လက်ထဲက အထုပ်တွေကို တရင်းတနှီးလာဆွဲကူတယ်။  " ရတယ် ကလေး..ပစ္စည်းလေးတယ်" ဆိုလဲ သူမကတော့ အတင်းဆွဲယူသွားတယ်။  " ကျေးဇူး...ကလေး" လို့ ပြောလိုက်မိတယ်။ ကိုယ့်အသိမှာ ဒီလောက်ကလေးလေးမရှိဘူးလို့ တွေးရင်း၊ ဒီကလေးက ကိုယ့်ကိုလဲ မစိမ်းဘူး၊ တော်တော်ရင်နှီးတဲ့ပုံပဲလို့ တွေးရင်း သူတို့နေတဲ့ ၅ ထပ်က အခန်းကိုရောက်လာတယ်။ အခန်းရှေ့အရောက်..".ရာက်လာကြပြီ" ဆိုတဲ့ အသံနဲ့အတူ...တံခါးပေါက်မှာ ပေါ်လာတဲ့ ၀၀ဖိုင့်ဖိုင့် အမျိုးသမီးတယောက်ကို မြင်လိုက်ရတယ်။ နေပူကနေလာတာဆိုတော့ တိုက်ပေါ်အရောက် မျက်စိအမြင်က သိပ်မကြည်ဘူးဆိုတော့ ရုတ်တရက် မြင်ရတဲ့ အမျိုးသမီးရဲ့ မျက်နှာကို သဲသဲကွဲကွဲ မမြင်နိုင်။ သူမက တံခါးပေါက်ကနေ ဘေးဖယ်ရပ်ရင်း ကလေးမလေးကို ၀င်ဖို့ပြောရင်း၊ ကလေးနောက်က ကိုယ့်ကို လည်ဂုတ်ကနေဆွဲဖက်ပြီး  "..အမလေး..ဘယ်လိုဖြစ်ပြီး လူက ဒီလောက်ဘဲ ကျန်ရတာလဲ၊ အရမ်းအလုပ်လုပ်လို့လား..အဆင်ပြေလား "စသည့် လားပေါင်းများစွာဖြင့် တရစပ်မေးကာ ကိုယ့်ကိုခပ်တင်းတင်းကြီးဆွဲဖက်ပြီး ငိုတော့သည်။ ကိုယ်လဲ တော်တော်ပင် အူကြောင်ကြောင်ဖြစ်သွားသည်။ အဲနောက် သူမက ကနော့မျက်နှာကို တည့်တည့်ကြည့်ရင်း " နင်လာမယ်ဆိုလို့ သမီးကို ဆေးလာကုရင်း ငါတို့ ဒီမှာလာစောင့်နေတာ" ဟု ငိုသံဖြင့် ပလုံးပထွေးပြောလေသည်။ အခုမှပင် သူမမျက်နှာကို ကနော်ကောင်းကောင်းမြင်ရပါတော့။
ဇာခြည်... ၁၂ နှစ်နိးပါးကွဲကွာနေခဲ့ကြတာ။ ကနော့်သူ့ကို စေ့စေ့ကြည့်ရင်းမှ "ဟိုင်းလုံ "ဟု ၀မ်းသာအားရနှင့် အိအိဖိုင့်ဖိုင့်ကိုယ်လုံးအား ပြန်ဖက်ထားမိသည်။ ငယ်ငယ်က "ကိုယ့်ကိုတစ်ချက်လုပ်လျင် နှစ်ချက်ပြန်တီး" ဟု သင်ခဲ့သူ၊ ' ကျောင်းရဲ့ နတ်မိမယ် တဖြစ်လည်း ခပ်စွာစွာ" ဟု ဂုဏ်သတင်းကြီးသူ ကနော့ရဲ့ ချစ်လှစွာသော ဇာခြည်။
နီလာက" ကဲ ....ထိုင်ကြဦး နင်တို့ ၂ယောက်လဲ ၀မ်းသားလုံးဆို့ပြီး တောက်တဲ့လို ကပ်မနေနဲ့" ဟု ရီသံနှင့်ပြောမှ ၂ယောက်သားရယ်ကာ..."လအူ "ဟု ပြိုင်တူ ညာသံပေးလိုက်သည်။

ဇာခြည်က ရေခွက်ချပေးရင်း " ငါ့သမီးက အဆုတ်ရေ၀င်တာ။ မန်းလေးမှာ ဆေးလာကုရင်း နီလာနဲ့ ဆုံကြတာ" တဲ့။ ဇာခြည်ကတော့ သူမအမျိုးသားနှင့်အတူ လွိုင်လင်တွင်အခြေချနေကြောင်းပြောသည်။ သမီးလေးကို လက်ဆွဲပြီးမိမိဘေးမှာ ထိုင်ခိုင်းတော့ သူမလေးက ညင်ညင်သာသာပင် ပါလာသည်။ "ဟိုကောင် သူ့အမေနဲ့တော့ ကွာပါ့" ဟု  တပြိုင်တည်း တွေးလိုက်သည်။ နှုတ်ကနေလဲ" ကွာပါ့" ဟု တဆက်တည်း အရင်းမရှိအဖျားမရှိ ပြောချတာကို ဇာခြည်နဲ့ နီလာကလဲ တပြိုင်တည်း " ဟုတ်ပါ့ " ဟု ပြန်ပြောသည်။ သုံးယောက်သား တယောက်မျက်နှာ တယောက်ကြည့်ပြိး ရယ်မိကြသည်။
ကလေးမလေးက တော်တော့်ကို လှသလို မျက်နှာကလည်း ရွင်ရွင်လေးနှင့်ပင်။ မိမိတို့ ပြောသမျကို မျက်လုံးဝိုင်းဝိုင်းလေး ပေကလပ်ပေကလပ်နှင့်နားထောင်နေပုံက အင်မတန်မှ ချစ်စရာကောင်းလှသည်။

"ဘယ်သူနဲ့ ရန်ကုန်မှာ ဆုံဖို့ရှိသေးလဲ" မေးတော့  ထားဝယ်ကနေ လာမည်ဟု ရွေအိုး တဖြစ်လဲ မောင်ကျော်ဆန်းမင်း ရန်ကုန်ကို မနက်ဖြန်ရောက်မယ်လို့ ပြောထားကြောင်း နီလာက ပြောသည်။ ရွေအိုး ဆိုသည်မှာ ကနော့တို့ရဲ့ ဂျိုကာ။ ဘယ်သူနှင့်တွဲတွဲ၊ ဘယ်သူနှင့် နေနေ အတွဲညီအောင် ပေါင်းနိုင်သူ။ ဘောလုံးစူပါစတား။ ကျနော ဒေါသထွက်လျင် ဘေးကနေ ရွေပြည်အေးတရားနှင့် နားချတတ်သူ။ စိတ်တိုတိုနှင့် ဟောက်လျင်တောင် အပြုံးမပျက်ဘဲ တရားကို မနားတမ်းဟောပေးခဲ့သူ။ သူသည် ၁၀ တန်းအောင်ပြီး သူအမျိုးများရှိရာ ထားဝယ်သို့ သွားရောက်နေထိုင်ရာ ထားဝယ်သူနှင့်အိမ်ထောင်ကျကာ အခုတော့ မုန့်ဖုတ်လုပ်ငန်းနှင့် ၎င်းဒေသတွင်ပင် အခြေချနေထိုင်သည်ဟု နီလာက သူမသိထားသည်များ ပြန်ဖောက်သည်ချလေသည်။

နောက်တနေ့မနက်အစောပိုင်းတွင် ဘုရားသွားရန် စီစဉ်နေတုန်း အပြင်ဘက်မှ
"အိမ်ရှင်တို့...ဗျို့....အိမ်ရှင်တို့ ဧည့်သည်ရောက်နေတယ် တံခါးလာဖွင့် " ဟု အသံကြား၍ ထို သားအမိ တူဝရီးတွေ ပြင်ဆင်နေတုန်း ကနောကလဲ တံခါးသွားဖွင့်ကြည့်သည်။ တံခါးပေါက်မှ အရပ်မနိမ့်မမြင့် အသားညိုညို၊ ကွမ်းဝါးထားသော လူတစ်ယောက် ပြုံးစိစိ နှင့်ရပ်နေသည်။ အဲလူရွယ်ကို ကနော်သေသေချာချာ ကြည့်နေသလို သူကလဲ မည်းနေသောသွားများဖြဲပြလေသည်။ အဲမှ "ဟဲ့...ပိစိ...ငါ့ကို အခန်းထဲပေးဝင်ဦးလေ။ ဒီလိုဘဲ ရပ်နေခိုင်းမှာလား ဧည့်သည်ကို " ဟု ပြောမှ ကနောတို့ရဲ့ ဂျိုကာကြီး ကို မှတ်မိတော့သည်။ ကနော်က "အမလေး...ရောက်လာပြီ "ဟု တံခါးဖွင့်ပေးပြီး ထို ၂ယောက်ကိုလဲ လှမ်းအော်၊ သူ့ရဲ့ လွယ်အိပ်ကို လှမ်းဆွဲယူလိုက်သည်။ အခန်းထဲရောက်တော့ ဂျိုကာက..".ပိစိတို့က အကျင့်ကိုမပြောင်းဘူး၊ အခွင့်မရှိ ခွေးတောင် နယ်မြေဖြတ်သန်းခွင့်မပြုတဲ့ သူ" ဟု ရယ်ကာပြောလေသည်။

၇န်ကုန်တွင် ၃ရက်သာ နေခဲ့ပြီး အားလုံး မန်းလေးသို့ တက်လာခဲ့သည်။ မန်းလေးရောက်တော့ နီလာက "အားလုံးကို ခေါ်ထားတယ်၊ တော်ကြာနေ ရောက်လာကြလိမ့်မယ်" ဟုပြောသည်။  မန်းလေးတွင် ကျောင်းတက်ခဲ့သော ကနော့ငယ်ရင်းတွေ မန်လေးကို မခွဲနိုင်မခွာရက်နှင့် မန္တလာတွင်ပင် အခြေချကြကုန်သည်။ ပြင်ဦးလွင်တွင် အလုပ်လုပ်နေသော ပန်းသီး လို့ ခေါ်တဲ့ အိုက်စိုင်း၊ ပြင်ဦးလွင်သူနှင့် အိမ်ထောင်ကျကာ ထိုဒေသတွင်ပင် အခြေချသည်။ ရှမ်းတယောလို့ခေါ်တဲ့ ပန်းချီမြင့်လွင်ကလည်း ပြင်ဦးလွင်မှ ဖက်ဆက်ကုမ္ဘဏီတခုတွင် အလုပ်တူတူလုပ်သူ မိုင်းပန်သူလေးနှင့် အိမ်ထောင်ကျကာ ထိုဒေသတွင်ပင်ကျက်စားနေသေးသည်။ အုန်းမုတ်ခွက်ခေါ် နွေဦးလှိုင်ကတော့ ရတနာပုံတက္ကသိုယ်တွင်ပင် ဆရာမပြန်လုပ်နေသည်ဟု နီလာပြောဖူး၍ မိမိသိခဲ့ရသည်။ သူမနှင့် ၂၀၀၅ တွင် နောက်ဆုံးတွေ့ခဲ့သည်။ နောက်ပိုင်း မဆုံဖြစ်ကြတော့ချေ။ နီလာ့ အမျိုးသားက ညစာထမင်းဝိုင်းကို ဖွယ်ဖွယ်ရာရာပြင်ထားသလို ရောက်လာကြမဲ့ ကနော်တို့ရဲ့ ငယ်ပေါင်းတွေကိုဆီကိုလည်း သူတို့အိမ်နေရာကို ဖုန်းနှင့်လှမ်းပြောပြနေသည်။  နီလာ့အမျိုးသားကို လွန်ခဲ့သော ၂ နှစ်ခန့်က  ကနော်ဘိုင်ပြတ်၍ သူပိုက်ဆံလာပို့ပေးဖူးသောကြောင့် ဆုံဖူးကြသည်။ အခုတော့လဲ သူက မိမိတို့သူငယ်ချင်းတွေနှင့် တသားတည်းခင်မင်ရင်းနှီးနေပြီ။
ပထမဆုံးခြံထဲကို ၀င်လာသော ဆိုင်ကယ်ပေါ်မှ အရက်ရှည်ရှည်၊ ပိန်ညောင်ညောင် နှင့် ကနော့် သူငယ်ချင်းကြီး ပန်းချီမြင့်လွင် နှင့် သူဇနီး ပေါင်းဟွမ် ကိုဝမ်းသာအားရပြေးကြိုရင်း နောက်မှ ၀င်လာသော ဆိုင်ကယ်ဟွန်းသံကြောင့်လှည့်ကြည့်ကြရာ...ဂျက်ကင်အနီရောင်၊ ဆံကေတလက်လက်နှင့် ကနော့်ရဲ့ ငယ်ရင်းကြီး ကျော်သထေး၊ နောက်ကတစ်စီးက...လှိုင်းတွန့်ဆံကေသာနှင့် လှပနေသောကျုတာဆရာမလေး နွေဦးလှိုင်၊ နောက်ဆုံးဆိုင်ကယ်မှ အရပ်မြင့်မြင့် ၊၀၀ဖိုင့်ဖိုင့်နှင့်ကလေးချီထားသော ပန်းသီးနှင့် သူ့ဇနီး မကျော့.....အားလုံးတို့သည်...အပြောင်းအလဲကြီးများဖြစ်နေကြပြီ။ မပြောင်းလဲသေးတာက ရင်ကလာသော ခင်မင်ရင်နှီးမှုများ။
ဤညစာထမင်းဝိုင်းမှာ ကနော့ဘ၀ရဲ့ အမှတ်ရစရာ .ဘယ်တော့မှ မမေ့နိုင်တဲ့ ညစာထမင်းဝိုင်းတစ်ခုပင်ဖြစ်ပါတော့သည်။