
သို့
အဖေ၊ အမေ၊ အဘိုး နဲ့ မောင်လေးမိသားစု
နေကောင်းကြရဲ့လား....အမေနဲ့ အဖေ နေကောင်းကျန်းမာကြပါစေလို့ အမြဲဆုတောင်းပါတယ်။ အဘိုးကော နေကောင်းရဲ့လား။ အဖေ အဘိုးကိုသွားကြည့်ရဲ့လား။ မောင်လေးကော အလုပ်အဆင်ပြေရဲ့လား။
သမီး လဲ နေကောင်းပါတယ်...အလုပ်ကတော့ အဆင်ပြေအောင် လုပ်ပါတယ်။ သမီးအတွက် ဘာမှ တွေးမပူပါနဲ့။
သမီးကိုယ့်ကိုယ်ကိုယ် အစစ အရာရာ အဆင်ပြေအောင် ဂရုစိုက်ပါတယ်။
ဖေနဲ့မေရေ...ရေခြားမြေခြားမှာ သမီးတစ်ယောက်ထဲ အထီးကျန်နေမှာကို တွေးပြီး စိတ်မပူပါနဲ့။ ဒီလိုတစ်ယောက်ထဲ နေလာတာကြာလို့ ကောင်းကောင်းကြီးနေသားကျနေပါပြီ။
မေမေရေ....ရေခြားမြေခြားမှာ ငါ့သမီးလေး...ဘယ်လိုတွေ ရုန်းကန်နေရပြီး ဘယ်လို ဒုက္ခတွေ ရောက်နေပြီလဲလို့ စိတ်ပူနေမှာဘဲ။ မပူပါနဲ့ အမေ...သမီးက အခုမှ မိသားစုနဲ့ခွဲပြီး
တစ်ယောက်တည်းနေခဲ့ရတာ မဟုတ်ဘူးလေ။ ငယ်ငယ်လေးကတည်းက သူစိမ်းတွေကြားထဲမှာ အထီးကျန်မှုနဲ့ နေသားကျခဲ့ပါပြီ။ မိဘတွေက သူများကို မှီခိုတဲ့စိတ်တွေ မမွေးပေးခဲ့တာကို တော်တော်ကြီးကျေးဖူးတင်ပါတယ်။ အိမ်မှာလဲ သမီး အကြီးမို့ အလုပ်တွေလုပ်ကူရတယ်။ သူများတွေ ဆော့နေတဲ့အချိန်၊ ပွဲသွားလည်တဲ့ အချိန်မှာ မိဘနဲ့ ဒိုးတူဘောင်ဖက် အလုပ်လုပ်ခဲ့ရတယ်။ သူစိမ်းတွေကြားမှာ နေရတာလဲ အိမ်မှာ နေရသလိုဘဲ အလုပ်ကို အာရုံစိုက်ပြီးလုပ်နေရတော့ သိပ်ပြီးထူးထူးဆန်းဆန်း မဖြစ်မိပါဘူး။ အလုပ်ဆိုတာကလဲ ကိုယ်တာဝန်ယူထားတဲ့အပိုင်းတွေကို နိုင်နိုင်နင်းနင်းလုပ်နိုင်တယ်ဆိုတော့ ဘာမှပြဿနာမရှိပါဘူး။ အိမ်မှာလိုဘဲ...အလုပ်ပြီးရင် ကိုယ့်အခန်းမှာ အေးအေးအေးဆေးဆေးနားတယ်။ အစားအသောက်လဲ စိတ်ပါရင် ချက်စားတယ်၊ စိတ်မပါရင် ဆိုင်ကနေ၀ယ်စားတယ်။ အိမ်မှာလို သူ့အကြိုက် ကိုယ့်အကြိုက် ညှိနေစရာ၊ မေးနေစရာတော့ မလိုဘူးပေါ့။ ကောင်းတာကတော့ တစ်ယောက်ထဲအေးအေးချမ်းချမ်းနေပြီး တစ်ယောက်ထဲအတွေးများနေတတ်တာပါဘဲ။ အတွေးဆိုတာကလဲ အိမ်မှာလို အပေါ်ထပ်နဲ့ အောက်ထပ် စိတ်တိုင်းမကျလို့ စိတ်တို နေတာမျိုးတော့ မဟုတ်ပါဘူး...အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတာကို ခေါင်းထဲမှာ တမြိန့်မြိန့် တွေးနေတာပါ။ အဲတော့ အတွေးက တစ်ကြောင်းထဲရှိပါတယ်....ဒါပြီးရင် ငါဘာလုပ်မလဲဆိုတာလေးပါဘဲ။ အိမ်မှာလို အမေနဲ့ အခြေအတင်လဲ မပြောရ၊ အငယ်ကောင်နဲ့လဲ ရန်မဖြစ်ရတော့...သမီးက တော်တော်လေးအေးချမ်းသွားပြီး သူစိမ်းတွေကြားမှာ သူတော်ကောင်းဖြစ်နေလေရဲ့။ အဲကြောင့် အမေ သမီးကို စိတ်မပူပါနဲ့။
အဖေကော သမီးကို စိတ်ပူနေလား။ အိမ်နဲ့ မိုင်းထောင်သောင်းချီဝေးတဲ့ နေရာမှာ အလုပ်လုပ်နေတဲ့ သမီး အဆင်မှပြေမပါ့မလား၊ ဘယ်လိုနေထိုင်လဲ၊ ဘယ်လိုရင်ဆိုင်လဲ ဆိုပြီးအဖေတွေးပြီးစိုးရိမ်နေမှာပေါ့။ ချောင်းကနေ မြစ်ကြီးကို ရောက်တဲ့ငါး ပိုပြီးသတိဝိရိယထားပါတယ်။ ပျော်ပျော်ပါးပါးသောက်သောက်စားစားနဲ့ ရေသစ်မြေသစ်မှာ အောက်ခြေလွတ်ပြီး မိုးမမြင်လေမမြင် မိဘနောက်ကွယ် ထင်တိုင်းကြဲတဲ့သမီးမျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဖေအနားမှာ မရှိတဲ့ တစ်ချိန်လုံး သမီးက ကိုယ့်လှေကို ပဲ့ကောင်းကောင်းထိန်းတတ်လာခဲ့ပါတယ်။ အဲချိန်တွေတုန်းက အမေ့ကို အလုပ်တွေကူရင်း သမီးက အိမ်ထောင် ဦးစီးအမေပြီးရင် ဒုတိယ ဦးစီးပေါ့အဖေရယ်။ အဲတုန်းက ဘ၀က တော်တော်ခါးသီးစရာကောင်းပါတယ်။ အမျိုးဆိုတာလဲ မရှိဘူး၊ ပတ်ဝန်းကျင်ဆိုတာလဲ အိမ်ထောင်ဦးစီးက အမေဖြစ်လို့ ကောင်းပေါ်တက်ချင်ကြတယ်။ အဲတော့ သမီးက နတ်သမီးခုနှစ်ထွေ မကဘဲ ဘီလူးဆိုင်းတီးခဲ့ရတာပေါ့အဖေရယ်။ အမေက တစ်ယောက်တည်းဆိုတော့ တစ်ခါတလေ အားငယ်တာပေါ့။ အမေ စိတ်မချမ်းသာစရာ ကိစ္စတွေနဲ့ မျက်ရည် စမ်းစမ်း ဖြစ်လာတိုင်း သမီးက ဘီလူးဓါးနဲ့ ၀င်စိုင်းတတ်တဲ့ ငမိုက်သားပေါ့အဖေ။ ပါတ်ဝန်းကျင်မှာ သမီးဟာ မာနမင်းသမီးကြီး၊ ဆွေမျိုးတွေအတွက် အသူရကယ်ငရဲမင်း၊ သူငယ်ချင်းတွေအတွက် စစ်သူကြီးပေါ့။ အမေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ကိစ္စတွေဆိုရင် အိမ်မှာ စစ်ပွဲဖြစ်လေ့ရှိတယ်လေ။ အဲချိန်တွေမှာ အိမ်မှာမနေခဲ့ရလို့ အဘိုးအိမ်က နောက်ဆုံးခံတပ်ပေါ့အဖေ။ အဲတုန်းက သမီးတို့အိမ်က လှေတစ်စင်းဆိုရင် ဘယ်သောင် ဘယ်ကမ်းကို ကပ်ရမှန်းမသိတဲ့ လှေသူကြီးမရှိတဲ့ လှေကြီးပေါ့။ အမေကတော့ သူရခဲ့ဖူးတဲ့ ဘ၀ကို ပြန်လည်ပိုင်ဆိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်။ သမီးကတော့ ပဲ့ထိန်းပေါ့။ မောင်လေးက အရမ်းကို ငယ်သေးတယ်လေ။ အမေကြိုးပမ်းနေတဲ့ကိစ္စက သမီးတို့အားနဲ့ဆိုရင် နွေခေါင်ခေါင်မှာ မက်နေတဲ့ အိပ်မက်လိုဘဲ။ အမေ့ကိုဖျောင်းဖလို့မရတဲ့အဆုံး သမီး ကိုယ်ယုံကြည်ရာ လမ်းကို ရွေးပြီး နောက်မဆုတ်တမ်း လျောက်လှမ်းခဲ့တာ အခုချိန်ထိပေါ့။ အဖေအန္တရာယ်ကင်းစွာနဲ့ အိမ်ပြန်ရောက်လို့ သမီးက သိပ်ဝမ်းသာတာပေါ့။ ဘာဖြစ်ဖြစ် ဒါက စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအရဆိုရင် သမီးတို့ တော်တော်ကြီးကို လုံခြုံတယ်လေ။ ပစ္စည်းဥစ္စာက အသက်ရှင်နေသရွေ့ ရှာလို့ရပါတယ်။ သခါင်္ရ တရားကို သမီးနားလည်သဘောပေါက်သလိုရှိလာခဲ့တယ်။ ကလေးဘ၀ကတည်းက ကြီးလာတဲ့ အခုအချိန်ထိ အဖေနဲ့အမေ ပေးလိုက်တဲ့ တန်ဖိုးကြီးတဲ့ လွတ်လပ်ခြင်းကို သမီးအခုချိန်ထိ အလွဲသုံးစားမလုပ်ခဲ့ပါဘူး။ အဲကြောင့် သမီးကို စိတ်မပူပါနဲ့။ အဘိုးနဲ့ အမေ့ကိုသာ သမီးကိုယ်စား ကောင်းကောင်းစောင့်ရှောက်ပေးပါ။
မောင်လေးကော အလုပ်အဆင်ပြေရဲ့လား။ မင်းမိန်းမကော နေကောင်းလား။ ငါသတိရတယ်လို့ ပြောပေးပါဦး။ မောင်လေးရေ မင်းကတော့ အမ နေကောင်းမကောင်း၊ အဆင်ပြေမပြေ ခေါင်းထဲသိပ်ထားမယ်လို့ ငါမထင်လို့ အထွေအထူးပြောစရာမရှိပါဘူး။ ငါအဆင်ပြေတယ်။နေကောင်းတယ်။ ဒါပေမဲ့ အိမ်ကိုတော့ မင်းထင်သလို ငွေတွေ သိန်းဂဏာန်းတော့ မပို့နိုင်သေးဘူးကွ။ ငါလုပ်တဲ့ အလုပ်ကလဲ ဘုရားဖူးရင်း၊ လိပ်ဥတူးရင်းဆိုတော့ စီးပွားရှာသလို မကြီးပွားနိုင်ဘူးဟ။ မင်းသိတဲ့အတိုင်း မင်းအမက သာမန်သူလိုငါလိုမှမဟုတ်တာ။ ခြေထောက်တစ်ချောင်းဘဲသန်တော့ အလုပ်ကလဲ ခြေထောက်တစ်ချောင်းတန်တဲ့ လစာဘဲ ပေးတာပေါ့ကွာ။ ဒါပေမဲ့ မင်းပြောတတ်တဲ့...ဘာမှ သုံးစားမရတဲ့ ခြေထောက် အဆင့်ထိတော့ မဟုတ်ဘူးဟ။ ငါက ခြေထောက် တစ်ဘက်ဘဲကောင်းလို့ ခြေထောက်တစ်ဖက်စာ တန်တဲ့လစာကို စုပြီးအိမ်ကိုပို့ပေးတာ။ မင်းက ခြေထောက်၂ ချောင်းလုံးကောင်းတော့ အဲတာနဲ့တန်တဲ့ ငွေကြေးတော့ မင်းရမယ်လို့ မျော်လင့်ပါတယ်။ မင်းက မိန်းမရှိတော့ အမေ့ကို အကုန်ပေးစရာမလိုပါဘူး။ မင်း ပိုပိုလျှံလျှံရှိရင် အမေ့ကို ဆေးဖိုးဝါးခလေးဘဲ ပေးပေါ့။ မပေးနိုင်ရင်တောင်မှ အမေ့ဆီက ပြန်မတောင်းပါနဲ့လို့ မှာပါရစေ။ အဖေ့လိုတော့ မလုပ်နဲ့ပေါ့ကွာ..ပေးစရာရှိရင် မယားဘက်၊ ယူစရာရှိရင် မိဘအိမ်။ အဲဒါကြီးကို အဘွားမဆုံးခင် ငါ ၈ နှစ်အရွယ်ကတည်းက သိခဲ့လို့ တော်တော်ကြီးကို မကြိုက်ခဲ့ဘူးဟ။ ငါအခုတလော အမေ့ဆီ ဖုန်းဆက်ရင် မင်းအကြောင်းကြားရတာ နားတော်တော်ပူပါတယ်။ မင်းကို ငယ်ငယ်ကလို တရားဟောနေတာတော့ မဟုတ်ဘူးဟ...အခုမင်းလဲ ကလေးမဟုတ်တော့ဘူးလေ...အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်နေပြီဆိုတော့ ငါပြောနေတာထက် မင်းပိုသိပါတယ်။ မင်းမကြာမကြာ အဘိုးကိုလဲ သွားကြည့်ဦးနော်။ အဘိုးက ငါတို့ကို ဘုရားကပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ သက်ရှိတစ်ယောက်ဘဲ။ အဘွားဆုံးတုန်းကလို မင်းအိပ်ရာထဲ ခိုးပြီးငိုနေရမှာစိုးလို့ အဘိုးရှိနေတုန်း ဂရုစိုက်ပါ။ ငါဖုန်းဆက်တိုင်း ဖုန်းလိုင်းက အမြဲပိတ်နေတော့တာဘဲ။ ငါ့ဆီကို မင်းဖုန်းဆက်ပြီး ပိုက်ဆံလွှဲခိုင်းတဲ့ အချိန်တွေကျတော့ ဖုန်းလိုင်းက ကောင်းတတ်တယ်ကွာ။ မြန့်မာ့ဆက်သွယ်ရေးစနစ်ကြီးကလဲ အကြီးဖြစ်တဲ့လူတွေကိုကျ မျက်နှာသာမပေးဘူးကွ..နော်...မင်းစာကို ဖတ်ပြီးရင်...အဘိုးကိုလဲ ဖတ်ပြလိုက်ဦးနော်။
အဘိုး..နေကောင်း၇ဲ့လား။ သမီးကတော့ ဒေါင်ဒေါင်မြည်ဘဲ။ အဘိုးကို ဘုရားဖူးလိုက်ပို့ဖို့ သမီးကားဝယ်နိုင်အောင် ပိုက်ဆံစုနေတာ အဘိုးရဲ့။ ဒါပေမဲ့ ပိုက်ဆံက အတောင်ပံပေါက်ပြီး ပျံကုန်တော့ အခု စုထားတဲ့တစ်ဝက်လဲ ပြောင်သလင်းခါသလောက်ရှိပြီ။ ဒါပေမဲ့ သမီးကြိုးစားဦးမယ်။ ဇွဲမလျော့ဘူး။ အဘုးရဲ့ မြေးဘဲ...အဘိုးလို အလုပ်ကြိုးစား ပိုက်ဆံစုတာပေါ့။ အဘိုးလဲ ကျန်းမာရေးဂရုစိုက်နော်။ ဘုရားဖူးရင် တောင်တက်ရတဲ့ အခါတွေလဲ ရှိတယ်။ အဲတော့ အဘိုးကျန်းမာမှ ဖူးချင်တဲ့ဘုရား၊ သွားချင်တဲ့နေရာ သွားလို့ရမှာ သိလား။ သမီး အိမ်ပြန်ရင် မြေးအဘိုး ၂ယောက် တောင်ပေါ်ဘုရားတက်ဖူးကြတာပေါ့။ အဘိုးမှာသလိုဘဲ ဟင်းချိုမှုန့်လဲလဲ ရှောင်တယ်၊ အသားလဲ ရှောင်နိုင်ရင် ရှောင်တယ်။ ဘုရားတရားမမေ့ဘူး။ သူတစ်ပါးအပေါ်မကောင်းတာ မလုပ်ဘူး။ ကိုယ့်ကောင်းပေါ်တက်ရင်လဲ ခါချပလိုက်တယ်။ သမီးကို စိတ်မပူနဲ့ သိလား။ သမီးသူငယ်ချင်းတွေကို ငါ့အဘိုးက အသက် တစ်ရာရှိပြီ..ဒါပေမဲ့ ကျန်းမာတုန်းဘဲလို့ ကြွားထားတယ်သိလား။ ဘုရားဖူးရင် သူတို့က အဘိုးနဲ့ လိုက်ချင်တယ်တဲ့။ အခုခေတ်က အသက်ရာကျော်ဆိုတာ ရှာမှရှားလေ။ သမီး၇ဲ့အဘိုးက ရှားပါး ရတနာ။ အဲကြောင့် သူငယ်ချင်းတွေက မြင်ဖူးတွေ့ဖူးချင်ကြတာ။ အဘိုး ကျန်းမာရေးဂရုစိုက်နော်။ ကပ်စေးလဲမနဲနဲ့။ ကိုယ်စားချင်တာရှိရင် ၀ယ်စား။ ပိုက်ဆံမှရိရင် အဖေ့ကိုပြောလိုက်။ သူက အဘိုးဆီက အကြွေးအများကြီးတင်ထားတယ်။ သမီး နှစ်ကုန်ရင် အိမ်ပြန်လာမယ် သိလား။ သမီးရောက်မဲ့ ရက်ကို ကြိုဖုန်းဆက်ထားမယ်သိလား...အပေါ် အောက် တောင် မြောက် က အဒေါ်ဦးလေးတွေအိမ်ကို သွားမမေးနဲ့။ သူတို့က သမီးကို အကြောင်းမကြားရကောင်းလားဆို တရားဟောကြလို့...နားပူပါတယ်။ အဘိုးကျန်းကျန်းမာမာနဲ့ စိတ်ချမ်းချမ်းသာသာနေပါနော်။
အားလုံးကို ချစ်တယ်..