07 September 2012

ရင်ထဲက ပန်းခရေ




(မမရေ..မမ..ဖုန်းလာနေတယ်...ပီဟွမ်ဆက်တာ...)
လို့ မောင်လေးရဲ့ အော်သံကြောင့် အခန်းထဲမှာ သီချင်းနားထောင်ရင်း အခန်းသန့်ရှင်းရေးလုပ်နေတဲ့ မွန်းက( အေး)လို့ ပြန်ထူးရင်း ဖုန်းရှိရာ ဧည့်ခန်းသို့ ကသောကမျောပြေးလာကိုင်လေသည်။
(ဟလို...ဟွမ်...နေကောင်း၇ဲ့လား..အဆင်ပြေရဲ့လား)
(အင်း...ကောင်းတယ်...ပြေတယ်...နင်ဘာလုပ်နေလဲ?..ခေါ်နေတာ ကြာပြီ)
(အခန်းရှင်းနေတယ်လေ...သီချင်းနားထောင်ရင်း....၁၉း၁၈ လေ...နင်ယူလာတဲ့ သီချင်းခွေ)
(အင်း...ပြန်လာရင် Pound's  ကရင်မ် တဗူးဝယ်လာခဲ့...၂၅၀၀ ကျော်တန်ဟာနော်...မမေ့နဲ့...ငါ့မျက်နှာက အဲတာနဲ့ပဲ တဲ့တယ်။ မမေ့နဲ့နော်)
(အင်း...ပိုက်ဆံမလောက်ရင်ကော)
(ငါ့သူငယ်ချင်း သူအဝေးသင်သွားတက်မလို့ သူနဲ့ နင့်ကားခပါ ထဲ့ပေးလိုက်မယ် ၁၅၀၀၀)
(အင်း...အဆင်ပြေ၇ဲ့လား)
(ပြေတယ်လေ...မှာတာမမေ့နဲ့နော်။ ငါစိတ်ညစ်နေတယ်..အိမ်ကအရမ်းရစ်တာဘဲ...)
(ဘာလို့လဲ)
(ငါလက်ထပ်တော့မလားလို့တွေးနေတာ...နင်ဘယ်လိုထင်လဲ?။ အိမ်က အဲတာကို သဘောမတူဘူး)
(ဘယ်လို? ဘယ်သူ့ကို ယူမလို့တုန်း? ဘယ်တုန်းက ရီးစားထားတာလဲ?)
(စိုင်းဟန်နဲ့)
(ဘယ်လို)
(စိုင်းဟန်နဲ့လို့)
(ဘယ်လိုဖြစ်ကြတာလဲ...ငါနားမလည်ဘူး...)
(ဒီလိုဘဲ)
(ဘာကိစ္စအရမ်းလောရတာလည်း၊ အချိန်ထပ်ရွေ့လို့မရဘူးလား ငါလာတဲ့အထိလေ။)
(အင်း....စောင့်ပါ့မယ်...လာရင် အေးအေးဆေးဆေးပြောကြရအောင်လေ..မကောင်းဘူးလား)
မွန်းက သက်ပြင်းချသံနှင့်အတူ (အင်း) ဟု တိုးလျစွာ သဘောတူလိုက်သည်။ ဟွမ်က (အဲဆိုရင်လဲ ..ဖုန်းချတော့မယ်...ဒိနေ့ လစာလာထုတ်ရင်း ဖုန်းတပါတည်းဝင်ဆက်လိုက်တာ။ နောက် ၁၀ ရက်ဆို စာမေးပွဲစဖြေပြီမလား၊ စာတွေကော ကြည့်ပြီးပြီလား) ဟု မေးလေသည်။ မွန်းက (အင်း...ပြီးတာနဲ့ ချက်ချင်းပြန်မယ်။ မနက်ပိုင်းပြိးရင် နေ့လည်ပြန်မယ်။ ငါ့ကိုစောင့်နေပါ) ဟု ပြန် ပြောလေသည်။ ဟွမ်က (အဲဆိုလဲ ငါဖုန်းချတော့မယ်။ ဂရုစိုက်)ဟု ပြောပြီးပြီးချင်းပင် ဖုန်းချသွားလေသည်။
ဖုန်းကိုကိုင်ရင်း မွန်းအတွေးထဲနစ်သွားသည်။ ဟွမ်က စိုင်းဟန်နှင့် လက်ထပ်ချင်လက်ထပ်မည်ဟု ပြောသွားသည်။ လွန်ခဲ့တဲ့ (၄လ) မိမိကျောင်းလာမတက်တုန်းက ဟွမ်ဆီက ဒီအကြောင်းကို တခါမှမကြားခဲ့ရပေ။ အခုမှ ဘာအရူးထပြီးလက်ထပ်မယ်လုပ်နေတာပါလိမ့်။ စိုင်းဟန်ဆိုတာက မိမိတို့မြို့က တခါတရံမှသာ မျက်မှန်းတန်းမိသော ရွယ်တူ ကောင်လေးတယောက်ပင်။ သိပ်လည်းမရင်းနှီးခဲ့ကြပေ။
ဟွမ်ဆို ဒီကောင်လေးကို တော်တော်မြောက်ကြွကြွနိုင်တဲ့ ဒေါင့်မကျိုးကောင်လေးတယောက်ဟုပင်မှတ်ချက်ချခဲ့သေးသည်။ အခုက ဘယ်လိုက ဘာတွေဖြစ်ပြီး လက်ထပ်မယ်ပြောတာပါလိမ့်။ ချစ်ကြတာလည်းမြန်လှချည်လား။ ဘာတွေဖြစ်ခဲ့ပါလိမ့်ဟု အတွေးတွေ တတန်းကြီးနှင့် ကျန်ခဲ့တော့သည်။

မွန်းအတွက် ဟွမ်ဆိုတာ ညီအမအရင်းနှင့်မခြား  ခင်မင်ရင်းနှီးသောငယ်သူငယ်ချင်းတစ်ဦး။ ဘာရှိရှိ၊ ဘာဖြစ်ဖြစ် တိုင်ပင်ကြသူတွေ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် ဆန့်ကျင်ဖက်နှစ်ယောက် အတွဲညီညီတွဲခဲ့သူတွေ။ ငယ်ငယ်ကတည်းက မိဘနှင့် အတူမနေ၇သော မွန်းနှင့် မိဘတွေကွဲနေတဲ့ ဟွမ် တို့ဆိုတာ ကိုယ့်ရင်ဘတ်က မကျေနပ်ချက်တွေကို ဟန်ချက်မညီတဲ့ ဒေါသဗုံသံလို သံစုံအောင်တီးတတ်ကြသူတွေဖြစ်သလို၊ နှစ်ယောက်သားတူတူ စည်းဝါးကိုက်ကိုက်လည်း တီးတတ်ကြသေးသူတွေ။ နှစ်ယောက်သားကျောကပ် ရင်ကပ်ပြီး ကိုယ့်အချင်းချင်းကို ကာကွယ်ပေးတတ်သူတွေ။ မွန်းသည် လူကောင်သေးညက်ညက်နှင့် နူးညံ့သိမ်မွေဟန်ရှိသလောက် အင်မတန်ဒေါသကြီးသူ။ ဒေါသထွက်ပါက ဘယ်သူပြောပြော နားမ၀င်တတ်သူ။ ဟွမ်ဆိုတာကလဲ ထိုနည်းလည်းကောင်း။ စိတ်ကြီးတဲ့ နေရာမှာ စံချိန်တင်ရလောက်အောင်ပင်။ ငယ်ငယ်တုန်းက သူမ၇ဲ့မိထွေးတော်ကို မကျေနပ်သဖြင့် ရေချောင်းထဲတွင် နေ့တပိုင်း ရေစိမ်ကာ ဆန္ဒပြခဲ့သူ။ အဲတုန်းက မွန်းက ရေထဲပြေးဆင်းလိုက် ဟွမ်ကို ဆွဲခေါ်လိုက်၊ ဟွမ်ရေထဲပြန်ဆင်းစိမ်လျင် ၀ါးလုံးတံတားပေါ်တွင် ထိုင်စောင့်ကာ ဆန္ဒပြမှုကို တနည်းတဟန်ထောက်ခံပေးသူတည်း။ ဟင်းမချက်တတ်သော မွန်းသည် ဟွမ်ချက်သော ပေါက်ကရဟင်းပေါင်းစပ်ကို မြိန်ရေယှက်ရေစားတတ်သူ၊ မည်းတူးတူး ကြက်ဥကြော်ကို ကြိုက်သူ၊ တခါတလေ ဟင်းအမည်ကို ဘယ်လိုပေးရမှန်းမသိအောင် ဟွမ်ဟင်းချက်နည်းက ထူးဆန်းလှပေသည်။ ဟင်းချက်သူကလဲ မမောမပန်းနိုင်အောင် ချက်နိုင်သူ၊ စားတဲ့လူကလဲ မငြီးမညူစားတတ်သောကြောင့် မွန်းအကိုတွေက အင်မတန်လိုက်ဖက်သော သူငယ်ချင်းအတွဲဟုမှတ်ချက်ပေးကြသည်။

ဟွမ်က စစ်ကိုင်းဗဟိုဖွံဖြိုးရေးကျောင်းဆင်းပြီးလို့ ၇ွာကလေးတစ်ရွာမှာ ကျောင်းဆရာမပြန်လုပ်နေပြီ။ ဟွမ်က စာတော်သူတစ်ယောက်ဖြစ်တော့ ကွဲကွာနေတဲ့ မိဘတွေရဲ့ ထောက်ပံ့မှုက မသေချာ၊ မရေရာမှုတွေရှိခဲ့တာမို့ သူမရဲ့ ကြီးကြီးက ၉၈ ခုနှစ်မှာပင် နယ်စပ်ဒေသဖွံဖြိုးရေးအတွက် ဖွင့်လှစ်ထားပေးတဲ့ စစ်ကိုင်းဗဟိုဖွံဖြိုးရေးကျောင်းသို့ ၀င်ခွင့်အတွက် လျောက်ခိုင်းလေသည်။ မလျောက်ခင် မွန်းကို (လျောက်ရကောင်းမလားမသိဘူး) ဟု မေးဖူးသည်။ ထိုကျောင်းသို့တက်ရန် မွန်းအားပေးခဲ့သည်။ ၉၉ ခုနှစ် စစ်ကိုင်းဗဟိုဖွံဖြိုးရေးကျောင်းသို့တက်ရောက်ရန် သူမ အရွေးခံရသည်။ ပညာရေးမှုးက သူမကို ၀င်ခွင့်အောင်ပြီဖြစ်ကြောင်း ပြောရာ သူမ ၀မ်းသာအားရ နှင့်  မွန်းအား ပထမဆုံးပြောပြလေသည်။ ကိုးတန်း အောင်စာရင်းထွက်ပြီးပြီးချင်း သူမ စစ်ကိုင်းဗဟိုဖွံ့ဖြိုးရေးကျောင်းတက်ရန် သွားရတော့မည့်အချိန်တွင် မွန်းတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တင်းတင်းဆုပ်ပြီးမျက်ရည်တွေနှင့်ကားသို့အရောက် ပို့ပေးခဲ့သည်။ နှုတ်ဆက်စကားတစ်ခွန်း ဟွမ်မဆိုခဲ့သလို မွန်းလည်းမဆိုခဲ့ပေ။ မိမိတို့နှစ်ယောက်သည် ဒီလိုဘဲ ခနခနခွဲကြရသည်။ ခွဲရတိုင်းလည်း မည်သည့်နှုတ်ဆက်စကားကိုမှ မပြောတတ်ကြပေ။ နှစ်ယောက်စလုံးက ဤခွဲခွာမှုသည် ကံကောင်းခြင်းများနှင့်အတူ ပြန်လည်စုံစည်းမှု၏ အစဟုယူဆကြသောကြောင့်ဘယ်သာအခါမှနှုတ်ဆက်ခြင်းကိုမပြုဖြစ်ကြပေ။

မွန်းသည် တွေးလက်စအတွေးများကို ရပ်လိုက်ပြီး ဘီတိုအမည်းလေးကို ဖွင့်လိုက်သည်။ အထဲမှ အနီရောင် အနွေးထည်လေးကို တယုတယထုတ်ပြီး ဖြန့်ချလိုက်ရင်း အကျီလည်ပင်းနားသို့တချက်နမ်းရှိုက်ကြည့်ရင်း မှန်တင်ခုံနားသို့ လျောက်သွားပြီး Follow me ရေမွှေးဘူးလေးကို အကျီဆီသို့ ၃ ချက်ဖြန်းလိုက်လေသည်။ ဤအကျီသည် မိမိအပေါ်ထားရှိသော ဟွမ်ရဲ့ မေတ္တာတရားစစ်မှန်မှုကို သက်သေပြနိုင်သော ပစ္စည်းလေးတခုဖြစ်သည်။ ဤအကျီပိုင်ရှင်ကို ဟွမ်နစ်နစ်ကာကာ ခံစားဖူးသည်ဟု ပြောပြဖူးသည်။ သို့သော် သူမက မွန်းကို ပိုချစ်သောကြောင့် မွန်းကိုေ၇ွးချယ်ခဲ့သည်ဟုလည်း ဤအကျီပိုင်ရှင်လေး မရှိတော့တဲ့ ၂ နှစ်ကြာမှ မွန်းကို တီးတိုးပြောပြခဲ့သည်။ ထိုအချိန်က ဤအကျီပိုင်ရှင်ကိုဆုံးရှုံးရမှုကြောင့် မွန်းသည် ရင်ကွဲမတတ် ယူကြုံးမရဖြစ်နေသောအချိန်၊ မွန်းဖြစ်ပျက်နေတာတွေကို သက်သာလို သက်သာငြား ဟွမ်က ပျော်ရွင်အောင်ရှာကြံဖန်တီးပေးခဲ့သည်။ ယခုတော့  ဟွမ်ရဲ့ဖေးမမှုတွေကြောင့် မွန်းတည်ငြိမ်စပြုပါပြီလေ။

ဒီလိုနဲ့ မွန်းလည်း စာမေးပွဲပြီးလို့ နယ်သူို့ပြန်ေ၇ာက်ပြီ။ ဟွမ်က သူမ ဆရာမသွားလုပ်နေသော ရွာကနေပြန်မရောက်သေးပေ။ ညနေစောင်းရောက်တော့ အိမ်ရှေ့တွင်ကားသံကြား၍ထွက်ကြည့်ရာ ဟွမ်ရဲ့ စိုင်းဟန်က မိမိအား ဟွမ်က မနက်ဖြန် သူနှင့်အတူ ရွာသို့ လိုက်သွားရန်၊ သူမက ပြန်မလာနိုင်သေးကြောင်း ပြောပြသည်။ မနက်ဖြန်တော့ ရွာသို့ လိုက်တာပေါ့ဟု ပြန်ပြောပြီး မိမိမရှိတုန်း ၄ လအတွင်း ဟွမ် ဘာတွေအရူးထနေတာပါလိမ့်ဟု မျက်မှောင်ကုပ်တွေးတောနေမိတာ့သည်။ သူမဆီေ၇ာက်တော့လည်း အေးအေးလူလူ။ သူ့မ၀သိအတိုင်း စားချင်စဖွယ်ဟင်းနှင့် အဆင်သင့်ပင်။ ညရောက်တော့ အောင့်ထားသမျှ သိချင်သောအကြောင်းအရာတွေကို စတင်မေးခွန်းထုတ်လိုက်သည်။
(ဘယ်လိုဖြစ်တာလဲ...ဘာဖြစ်လို့ ချက်ချင်းကြီးလက်ထပ်မှာလဲ)
(ဘာမှမဖြစ်ဘူး...ငါအရွယ်ရောက်ပြီ။ ဒီနေ့မယူရင်လဲ မနက်ဖြန်ယူမှာဘဲ ယောင်္ကျားကို။ စောစောယူတော့ စောစော ဘ၀ထူထောင်တာပေါ့)
(အခုနေတာက ဘ၀တည်ဆောက်တာမဟုတ်ဘူးလား?)
(ငါအိမ်ထောင်ရှိရင် ဒီရွာမှာ ဆိုင်ဖွင့်မယ်။ ငါက ကျောင်းနဲ့တဖက်ဆိုတော့ နင်လည်းကျောင်းပြီးတော့မှာဘဲ အဲတော့ ဆိုင်ကိုဦးစီးပေါ့။ စိုင်းဟန်က သူ့ဘာသာ ကားမောင်းနေတော့ သူ့အလုပ်သူလုပ်မယ်။ ငါအင်မတန်မှ စက်ဆုပ်လာပြီ...လူတွေရဲ့ အနှိမ်တွေ၊အဖဲ့တွေကို။ ငါယောင်္ကျားယူရင် ၂ယောက်သားဘ၀တစ်ခုတည်ဆောက်ကြမယ်။ ဘာဖြစ်ဖြစ် တိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ နင်ဘယ်လိုထင်လဲ)
(နင်ရူးနေလားဟ။ ယောင်္ကျားယူလဲ အခုလို ဘ၀ကိုရ်င်ဆိုင်ကြတာဘဲ။ အခုကမှ လွတ်လွတ်လပ်လပ်နေလို့ရသေး။ ငါတို့ ငယ်သေးတယ်။ဖြေးဖြေးပေါ့။ စိတ်ဓါတ်မကျပါနဲ။ ငါကျောင်းးပြီးရင်နင်နဲ့တူတူလာနေလို့ရပြီ။ နင်ယောင်္ကျားယူရင်သာ ငါလာလို့မ၇တော့မှာ။)
(ငါသေချာသလောက်ရှိနေပြီ။ ဆုံးဖြတ်ချက်က သေချာသလောက်ရှိနေပြီ)
မွန်း သက်ပြင်းကို ခပ်ပြင်းပြင်းချပြီး စောင်ကို ခေါင်းထိဆွဲခြုံကာ သူမကို ကျောခိုင်းပစ်လိုက်သည်။
(အေး..ငါနောက်တခေါက်ပြန်တွေးဦးမယ်) ဟု ပြောပြီး သူမလည်းတိတ်တဆိတ် တွေးနေသည်။


ဒီလိုနဲ့ သင်္ကြန်ပြီးတော့ နောက်ဆက်တွဲတွေက မပြီးနိုင်။ သင်္ကြန်တွင်း စုံတွဲများ ခြေပုန်းခုတ်ကြောင်း သတင်းကြီးက ဟိုးလေးတကျော်။ ထိုစုံတွဲများတွင် ဟွမ်တို့လည်း ကပ်ပါသေးသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် စုံတွဲများ ဆိုင်ကယ်နှင့် နယ်ဝေးသို့သွားရောက်လည်ပတ်ကြောင်း သတင်းကြီးက တောမီးပမာ။ ထိုသင်္ကြန်ကာလတွင် မိမိက တောင်ပေါ်စခန်းရှိ အမေ့တည်းခိုခန်းသို့ သွားစောင့်နေရ၍ ဟွမ်က စိုင်းဟန်နှင့် လိုက်သွားသည်ထင်ပါသည်။ သူမက မွန်းအား သင်္ကြန်တွင် လည်ရန် ပြောထားပြီးသား။ သို့သော် မွန်းအမေက အရေးပေါ် အိမ်ပြန်ရန်ကိစ္စပေါ်လာသောကြောင့် မွန်းလည်းအမေ့အလုပ်တွေကိုဝင်လုပ်ရပေးမည်။ ဟွမ်က သူမသွားမည်ဟုပြောပြီးသားစကားကို လွယ်လွယ်နှင့် မဖျက်တတ်သူလေ။ မွန်းက အခြေအနေကို နားလည်သလို ဟွမ်အခက်ကြုံနေပြီဖြစ်ကြောင်းကိုလည်း ချက်ချင်းသိလိုက်သည်။ မွန်းဆီသို့ လိုက်လာရန် ကားနှင့်စာတစ်စောင်ပါးလိုက်သည်. နောက်တမနက်တွင် သူမ ခေါင်းငိုက်စိုက်ဖြင့် ရောက်ချလာသည်။ အိမ်ကတော်တော်ပြောနေကြောင်း၊အရမ်းစိတ်ပျက်မိကြောင်း သူမတဖွဖွရွက်နေသည်။ သူမကို စိတ်မပျက်ဖို့၊ အချိန်တခုလွန်လျင် မေ့ပျောက်ပြီဖြစ်ကြောင်းဖျောင်းဖျတော့ သူမနှုတ်ဆိတ်နေသည်။

မေလ ၁ ၇က်နေ့ ညပိုင်းတွင် ဟွမ်နှင့်စိုင်းဟန် မွန်းဆီသို့ ရောက်လာကြသည်။ ပျံ့နေသောသတင်းတို့ကြောင့်သူတို့ အရမ်းကိုစိတ်ညစ်နေကြကြောင်း မွန်းကိုပြောကြသည်။ ဟွမ်က မွန်းကို ခနဟု လက်တို့ပြီး အိပ်ခန်းတို့ ခေါ်က
(ငါတို့ ခိုးကြတော့မယ်...နင်ဘယ်လိုထင်လဲ)
(အဲလိုလုပ်လို့မရဘူးဟွမ်...ပြသနာကိုခေါင်းအေးအေးနဲ့ဖြေရှင်းရအောင်။ ငါတို့အချိန်တခုကျော်နိုင်ရင် အကုန်လုံးအေးသွားမယ်။ ဒါတော့ လက်မခံဘူး။ ဒီည ဒီမှာနင်အိပ်ပါ။ စိုင်းဟန်ကိုပြန်လွတ်လိုက်မယ်။)
ဟွမ်ခန ငိုင်ကျသွားပြီး...
(အိုကေပါ...နင်ပြောသလိုဘဲ...မလုပ်တော့ပါဘူး။ ဒါပေမဲ့ အဖွားဆီငါပြန်၇မယ်ဒီည။ ဒီမှာ အိပ်လို့မရဘူး။။မနက်ဖြန်မှ အိပ်တော့မယ်။အဲဆို ငါတို့ပြန်ကြတော့မယ်လေ။ ညနက်နေပြီ။ ၉နာရီခွဲနေပြီနော်)
မွန်း သူမ၇ဲ့မျက်ဝန်းကိုတဲ့တဲ့စိုက်ကြည့်တော့ ဟွမ်က
(စိတ်ချပါ...)
ဟုပြောပြီး ပြန်သွားသည်။

ကမ္ဘာကြီးလုံးရာကနေပြားသွားအောင် ဟွမ်က ဖန်တီးပေပြီ။ နောက်နေ့မနက်တွင်..ကြီးကြီးက မျက်နှာညိုး၂နှင့် ရောက်လာပြီး ဟွမ်ပျောက်နေကြောင်း၊ စိတ်ထင်ရာလုပ်သွားကြောင်း မွန်းကိုပြောသည်။ မွန်းမှာ ကြက်သေသေကာ ဘာပြန်ပြောရမှန်းမသိအောင်ငြိမ်သက်ရပေပြီ။ မိမိအမှားကြောင့်ဟု တစ်ထစ်ချတွက်လိုက်မိပြီ။ မနေ့ညက မိမိပြန်လွတ်လိုက်လို့ ဒီ အခြေအနေဖြစ်သွားကြောင်းကို ကြီးကြီးမပြောပြရက်တော့ပေ။ မွန်းနှင့်ကြီးကြီး ၂နာရီလောက်ထိ စိတ်မကာင်းကြိးစွာ တိတ်တဆိတ်ထိုင်နေမိကြသည်။ ပြန်ခါနီး ကြီးကြီးက သတ္တ၀ါတခု ကံတခုပေါ့ ဟုဘဲ ပြောသည်။ ဒီလိုနှင့် ၂ဘက်အမျိုးတွေက အဆီအငေါ်မတဲ့စွာ၊ အပေးအယူမတဲ့စွာ...မင်္ဂလာပွဲအတွက်ညှိမရအောင်ပင်ဖြစ်ကြလေသည်။ တဘက်က ပညာဂုဏ်၊ တဘက်က ဓနဂုဏ် လွန်ဆွဲပွဲမှာ ဟွမ်ရဲ့အိပ်မက်တွေ ရှင်သန်ခွင့်ရပါဦးမလားလို့တွေးပူနေမိတော့တယ်။

ပြဿနာပေါင်းမြောက်မျာားစွာကြားက ဟွမ်ရဲ့မင်္ဂလာပွဲလေးက မေလ နောက်ဆုံးပါတ်မှာ ကျင်းပခွင့်ရလိုက်တယ်။ မေလနောက်ဆုံးပါတ်မှာဆိုတော့ မိုးလေးတွေက ဖွဲဖွဲလေးကျလို့နေတယ်။ အဓိက ဇာတ်ဆရာ ၂ယောက်မှာ ဟွမ်မိခင်နှင့် စိုင်းဟန်အဒေါ်။ ပညာမာနနဲ့ဓနဂုဏ်လွန်ဆွဲမှုကြားက ပေါ်ပေါက်လာတဲ့ မင်္ဂလာပွဲလေးက အကြိုညနေပိုင်းမှာခြောက်ကပ်ကပ်။ မိမိတို့ ငယ်သူငယ်ချင်းတွေလောက်သာ စကြနောက်ကြနှင့် ပွဲကိုစည်အောင်လုပ်နေကြရသည်။ မင်္ဂလာပွဲမနက်ခင်း ကန်တော့ချိန်တွင်လည်းပြသနာနှင့်ပင်။ စိတ်မချမ်းသာစွာ၊ခြောက်ကပ်စွာ မင်္ဂလာပွဲပြီးသွားပါပြီ။

ဇွန်လ၂ ရက်....ကြီးကြီးက ဟွမ်ရေချိုးခန်းတွင်မူးးလဲ၍ဆေးရုံတင်ထား၇ကြောင်းမွန်းအားလာပြောသွားသည်။ ဆေးရုံသို့ မွန်းရောက်ချိန်တွင် နှာခေါင်းနှင့် ဆီးတွင် ပိုက်တန်းလန်းနှင့်ဖြူရော် ပြာနှမ်းနေသော ဟွမ်။ မြင်ကွင်းကြောင့် ရင်ဝတွင် ဆို့နင့်သွားသည်။ ကုတင်နားသို့ ကပ်သွားပြီး (ဟွမ်) ဟု ငြင်သာတိုးတိတ်စွာခေါ်လိုက်ချိန်မှာ မျက်လုံးဖွင့်ကြည့်သည်။ သားအိမ်ကို ခြစ်ထား၍သွေးကျလွန်ခြင်းကြောင့် အခုလို့ဖြစ်နေတာဟု ဟွမ်ဒေါ်လေးက မွန်းအားတိုးတိုးကပ်ပြောသည်။ ဟွမ်လက် မြောက်တက်လာသည်။ မိမိဆုပ်ယူလိုက်ချိန်မှာ သူမလက်က ချွေးများနှင့် ရေခဲတမျှ အေးစက်နေသည်။ အသက်ကိုခက်ခဲစွာရှုနေသော ဟွမ်ကိုကြည့်ရင်း မွန်းမျက်ရည်ဝဲလာသည်။
(ဟွမ်...အသက်ကို လုမရှုနဲ့...ဖြည်းဖြည်းမှန်မှန်ရှုပါ...စိတ်ကို နာနေတဲ့အနာပေါ်သွားမထားနဲ့။ နှခေါင်းဝက ထိသွားတဲ့ ၀င်လေထွက်လေကို စိတ်မှာမှတ်။ လေကို ဖြေးဖြေးမှန်မှန်ရှုရအောင်) ဟု ငြင်သာစွာ နားနားကပ်ပြောလေသည်။ သူမခေါင်းညိတ်ပြပြီး လေကိုပုံမှန်ဖြစ်အောင်ဖြည်းဖြည်းချင်းရှုသွင်း/ထုတ်နိုင်အောင်ကြိုးစားနေသည်။ တဖြည်းဖြည်းနဲ့ မှောက်နေတဲ့ရင်ဘတ်က ငြိမ်လာသည်။ အသက်ပုံမှန်ပြန်ရှုလာသည်။ ရေသောက်ချင်ကြောင်း ပြောလာသည်။ မွန်းလက်ကို  တင်းတင်းဆုပ်ကိုင်ထားသလို မျက်လုံးဖွင့်ကြည့်ရင်း တခုခုကိုပြောချင်သလိုလုပ်နေသည်။ မွန်းကောင်းငုံ့ချပြီး သူမနှုတ်ခမ်းနားကပ်နားထောင်တော့ စိုင်းဟန်အဒေါ်ကို အခန်းထဲသို့ ပေးမ၀င်ရန်ပြောလေသည်။ မွန်းက သူမကို စိတ်မတိုရန်၊ ဒေါသမထွက်ရန် ညင်သာစွာဆိုတော့ သူမနှုတ်ခမ်းတို့တင်းတင်းစေ့ပြလေသည်။ မကျေနပ်သော အပြုအမူ၏ သင်္ကေတပေတည်း။ မွန်းပြု့းပြီး သူမစိတ်တိုရင် စိတ်ပင်ပန်းမှာစိုးလို့ အေ၇းမပါတဲ့လူတွေအကြောင်းမတွေးဘဲ အသက်ကိုပုံမှန်ရှုနိုင်အောင် အာရုံစိုက်ဖို့ပြောတော့ ကလေးငယ်တစ်ဦးပမာ သူမမျက်လုံးလေးမှိတ်ပြီး နာခံလေသည်။ တနေလုံးအခြေအနေက ပကတိပြန်ကောင်းနေပြီဖြစ်ကြောင်း မနက်ဖြန်မနက်ထိ အခြေအနေကိုစောင်ကြည့်ရမည်ဖြစ်ကြောင်း ဆရာဝန်က ပြောသည်။ ည ၈နာရီလောက်မှာတော့ မွန်းက အိမ်ပြန်ပြီးရေချိုးမည်ဖြစ်ကြောင်း သူမက ဆေးရုံတွင်အိပ်ဖို့ပြောတော့ မွန်းက အိမ်တွင် အဖိုးတယောက်တည်းရှိကြောင်း၊ မနက်ဖြန်မနက်စောစော ပြန်လာမည်ဖြစ်ကြောင်း ပြောတော့ သူမ မျက်ဝန်းတို့သည် ဖျော့ကျသွားသည်။ မျော်လင့်ချက်မဲ့မျက်ဝန်းများ။ ဒိမျက်ဝန်းအကြည့်သည် မွန်းတသက်တာ မမေ့နိုင်အောင် ဖြစ်ရသော အကြည့်။ အင်မတန်အဓိပါယ်ဖော်ရခက်သော အကြည့်။ မွန်းကုတင်နားပြန်ကပ်ပြီး...အခြေအနေအားလုံးကောင်းသွားပြီဖြစ်ကြောင်း၊ မနက်ဖြန် တဘက်ခါ အိမ်ပြန်နိုင်ဖြစ်ကြောင်း ပြောပေမဲ့ သူမက မျက်လုံးမှိတ်ပြီးခေါင်းညိတ်ပြလေသည်။ တံခါးအေ၇ာက် သူမကိုတချက် ပြန်လှည့်ရာ မွန်းကို စိုက်ကြည့်နေသေးသော သူမနှင့်မျက်လုံးချင်းဆုံတော့ မွန်းက အားပေးပြုံးပြလေသည်။ မွန်း စိတ်ထဲမှာ စိတ်မချသလို ခိုးလိုးခုလုဖြစ်နေမိသည်။ တနေကုန်အိမ်မြောင်စုပ်ထိုးသံကလည်း စိတ်ကိုပိုမိုလေးလံစေသည်။ သို့သော် ဆရာဝန်က မနက်ဖြန်လောက်ဆို အကုန်စိတ်ချနိုင်ပြီပြောလို့ စိတ်မချတချနှင့် ဆေးရုံကထွက်လာခဲ့သည်။ ဤညမှ ဟွမ်ရဲ့ အပြုံးနှင့် အကြည့်တို့သည် မွန်းအတွက်ထာဝရ နှုတ်ဆက်သော အပြုံးနှင့်အကြည့်တို့ပေတည်း...

 နောက်တရက် မနက် ၄ နာရီ ခွဲခါနီးတွင် သူမသည် မည်သူတဦးတယောက်ကိုမျှ နှုတ်ဆက်ခြင်းမရှိဘဲ/နှုတ်ဆက်ခွင့်မရဘဲ သူမကိုချစ်သောသူများ၊ မုန်းသောသူများအား အပြီးတိုင်ကျောခိုင်းသွားပြီ။ သူမကို လူနာစောင့်ကြသူများကလည်း ၂  ညမျှမအိပ်ခဲ့ရသောကြောင့် ငိုက်သူက ငိုက်၊ ထိုင်မှေးနေသူကမှေး၊ ချစ်လှစွာသော ယောက်ျားက သူမကို အိမ်ပြန်သယ်ရန် ကားပြန်ယူချိန် တွင် သူမ ထာဝရအိပ်မောကျသွားလေပြီ။ အောက်စိဂျင်ဘူးမြည်သံကြောင့် ငိုက်နေသောကြီးကြီးက လန့်နိုးလာပြီး သူမနဖူးကို သွားစမ်းချိန်တွင် သူမ အသက်ရှုမနေတော့ကြောင်း သတိပြုမိပြီး ဆရာဝန်ပြေးခေါ်ခိုင်းသည်။ ဆရာဝန်ရောက်လာပြီး လက်ကောက်ဝတ်စမ်း၊ မျက်လွှာလှန်ကြည့်ပြီး သက်ပြင်းချကာ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ဆုံးသွားကြောင်း စိတ်မကောင်းဟန်ဖြင့်ပြောပြလေသည်။ ဆရာဝန်ကြီးက (သတ္တ၀ါတခု ကံတခုပေါ့ဗျာ)ဟုပြောပြီး အောက်စီဂျင်ဘူးနှင့် ပိုက်များကို ဖြုတ်လိုက်သည်။ သူမ နှုတ်မဆက်ဘဲ ခွဲသွားပြန်ပြီ။ ဒိတစ်ခါ ခွဲခွာခြင်းသည် ကံကောင်းခြင်းများနှင့် ပြန်ဆုံရန်အစ မဟုတ်တော့ပေ။

မင်္ဂလာဆောင်ပြီး ၇ ရက်အကြာ သတို့သမီးအသစ်စက်စက်လေး၏ အသုဘအခမ်းအနားသည် အနှစ် ၂၀ အတွင်းမြို့၏ အစည်ကားဆုံး အသုဘအဖြစ်မှတ်တမ်းတင်ခဲ့ပေသည်။  ထာဝရအိပ်စက်လှဲလျောင်းနေသော သူမက မင်္ဂလာဆောင်စဉ်ကနှင့် ဆန့်ကျင်စွာ မျက်နှာကပြုံးနေသည်။ မင်္ဂလာဆောင်တုန်းက မှုတ်ထားသောရောင်စုံဘောလုံးလေးတွေချိတ်ထားတာပင် မဖြုတ်ရသေးသော သူမ၏ မိခင်အိမ်သည် ဤတစ်ကြိမ်တွင်တော့ လူတွေပြည့်သိပ်ကာဝမ်းနဲကြေကွဲမှုများနဲ့ တိတ်ဆိတ်စွာ သံဃာတော်များ၏တရားကို အာဃာတကင်းကင်းနှင့် အတူတကွ နားကြားနေကြပေသည်။

မွန်းရင်ထဲက ပွင့်ဖူးနေသော ခရေပန်းလေး၏ရနံ့တို့သည် မည်သည့်အခါမျှပယ်ဖျောက်လိမ့်မည်မဟုတ်ပေ။
                                                                          @@@@@

1 comment:

Anonymous said...

ကောမန့်စမ်းသပ်ရေးခြင်း