15 November 2012

'09 မှတ်တမ်း

ဒီဇင်ဘာလဆောင်းရာသီရဲ့ အအေးဒဏ်နဲ့ ရင်ထဲက အပူတွေကတော့ ဆန့်ကျင်ဘက်ကြီးဖြစ်နေလေရဲ့။ ကျောင်းတက်ဖို့အရေး အဆင်မပြေမှုပေါင်းမြောက်များစွာကိုရင်ဆိုင်ပြီးမှ ကျောင်းခရီးစဉ်ကိုစတင်ရပါတော့တယ်။ ကျောင်းဝင်ခွင့်လျောက်လွာကို သတ်မှတ်ဖောင်ပိတ်ရက်ထက် တရက်စောပြီးတင်ခဲ့ရသလို ၀င်ခွင့်ရကြောင်းကိုလဲ ကျောက်းတက်ဖို့ တစ်ပါတ်အလိုမှသိခဲ့ရပြန်တော့ အလောနိုင်တကာ့အလောဆုံးနည်းများနဲ့ ကျောင်းကိုအရောက်လာခဲ့ရပါတယ်။ ဒီကြားထဲ လုပ်ထားတဲ့ အလုပ်တွေကို လွှဲပြောင်းပေးဖို့ကိုလည်းအမောတကော လုပ်ရပြန်သေးတယ်။ ခရီးသွားထောက်ခံစာ၊ ဘာညာအတွက်လဲ အပြေးအလွှားပြေးတောင်းရသေးတယ်။ ဒီဇင်ဘာနောက်ဆုံးပါတ်မှ ကျောင်းကို ညကြီးမင်းကြီးမှ ရောက်ခဲံရပြန်တယ်။ ကိုယ်မသိတဲ့နေရာဒေသမှာ ကားဂိတ်ကနေ ကျောင်းကိုလာဖို့အရေးကို ကျောင်းကစီနီယာကြီးကို လှမ်းဖုန်းဆက်ပြီးလာခေါ်ခိုင်းရသေးတယ်။ ခင်မျာလည်း ကားဂိတ်ကို ပြောထားတဲ့ ကားရောက်ချိန်နဲ့အမှီ လာကြိုပေးရှာတယ်။ စီနီယာကြီးကိုတွေ့မှ ရင်ထဲကလေပူကြီး မှုတ်ထုတ်နိုင်တော့တယ်။ ကျောင်းတက်ဖို့အရေး အားကြိုးမာန်တက် ကူညီပေးရှာတဲ့ အကိုတော်ကိုလဲ လှမ်းပြီးကျေးဇူးတင်လိုက်မိသေးတယ်။ ကျောင်းကိုရောက်တော့ ည ၉ နာရီခွဲလောက်ရှိပြီထင်တယ်။ကျောင်းမှာ လူတွေက တော်တော်စုံနေပြီ။ အားလုံးကလည်း ၀မ်းသာအားရ လှမ်းမိတ်ဆက်ကြတော့ ရောက်ရောက် ချင်းနဲနဲ သက်တောင့်သက်သာဖြစ်သွားမိတယ်။

နောက်တရက်မနက်မှာ ကျောင်းသူလေးတယောက်က မနက်စာသွားစားဖို့လာခေါ်ပါတယ်။ သူမက ကိုယ့်ကို  ဗမာလိုဘဲ ပြောပါတယ်။ ကိုယ်လဲ ပြုံးပြုံးဘဲ သူ့နောက်ကို လိုက်သွားမိပါတယ်။ ထမင်းစားခန်းထဲရောက်တော့ အားလုံးနိးပါးရောက်နေကြတယ်။ အားလုံးကလဲ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြတယ်။ ကိုယ့်နဲ့ တနယ်ထဲကလျောက်လွှာတင်တဲ့ကလေးမလေးက ကိုယ့်ကို လာနှုတ်ဆက်တော့ သူ့ကိုဖက်လှဲတကင်းနဲ့ ရင်းရင်းနှီးနှီးပြန်နှုတ်ရင်း စကားပြောကြရင်း အားလုံးက တအံ့တသြဖြစ်ကြပါတယ်။ သူတို့တော်တော်များများက ကိုယ့်ကို ရှမ်းလို့ ထင်ထားပုံမရဘဲ ကိုယ့်ကိုရှေ့မှာထားပြီး ပြောနေကြတာကိုး။ ကိုယ်လဲ ရှမ်း၁၀၀% ပါလို့ပြောတော့ အားလုံးကလဲ တသောသောရယ်ကြပါတယ်။ကျောင်းကိုစစရောက်တဲ့ ပထမဆုံးတရက်ကတော့ သက်တောင့်သက်သာနဲ့ ပျော်ရွင်ဖွယ် ကုန်ဆုံးသွားလေရဲ့။

 Orientation လုပ်တဲ့နေ့ကတော့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနေ့ထဲက တနေ့ပါဘဲ။ အဲဒီမှာ အင်မတန်သွက်လက်ပြီး ထက်မြက်တဲ့ သူငယ်ချင်းနှစ်ယောက်ကို ရခဲ့ပါတယ်။ သူတို့၂ယောက်ဟာ ကိုယ့်ထက် အတော်ငယ်ကြပါတယ်။ အုပ်စုအလိုက် ကျောင်းနဲ့ပက်သက်တဲ့သတင်းအချက်အလက်တွေကို စုဆောင်းရတဲ့ ပြိုင်ပွဲလေးတခုလုပ်ပြီးကျောင်းသားတွေကို ၃ယောက်တအုပ်စုနဲ့ ပြိုင်စေပါတယ်။  ပြိုင်ပွဲအချိန်က၂၀ မိနစ်။ အုပ်စုခွဲပြီးပြီးချင်း ကျားလေး၊ ဂျင်းဂျားနဲ့ ကိုယ်ရယ် ၃ယောက်သား  ၂ မိနစ်လောက် ယောင်ချာချာနဲ့ ဘယ်က စလို့ စရမှန်းမသိဘဲဖြစ်နေကြတယ်။ နောက်မှ ပြိုင်ပွဲကပေးလိုက်တဲ့စာရွက်ကိုကြည့်ပြီး  တာဝန်ခွဲပြီး လိုအပ်တဲ့ အချက်အလက်တွေကို လိုက်စုဖို့ပြောပြီး ၃ယောက်သား အပြေးအလွှား သူများနဲ့အလုအယက် လိုအပ်တဲ့ အချက်အလက်တွေကို စုကြပါတယ်။ ၄ မိနစ်လောက်မှာ ၃ယောက်သား ကိုယ်ရလာတဲ့ အချက်အလက်တွေကို နေရာအလိုက်ပြန်စီရင်း နောက်ဆုံးတချက်ဖြစ်တဲ့ ကျောင်းပတ်ဝန်းကျင်နဲ့ပက်သက်ပြီးအချက်အလက်များကို ဖော်ပြခိုင်းတဲ့ နေရမှတော့ ပန်းချီဆွဲတော်တဲ့ ကျားလေးက ပုံဆွဲဖို့ အကြံထုတ်နေရင်း ကိုယ်လဲ ကျောင်းရဲ့ အနေအထားကို စိတ်မှန်းပုံဆွဲကြည့်၇င်း ဘေးပတ်ဝန်းကျင်က အင်ဖော်မေးရှင်းတွေကိုတော့ ဂျင်းဂျားက ကျောင်းတာဝန်ခံဆီအပြေးအလွှားသွားမေးရပါတယ်။ ကိုယ်နဲ့ ကျားလေးက ကျောင်းကို ပုံနဲ့ဖော်ပြမလား၊ စာနဲ့ဖော်ပြမလားဆိုပြီး ၂ယောက်သားခေါင်းချင်းဆိုင် အကြံထုတ်ရင်းပုံဆွဲဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘေးပတ်ဝန်းကျင်မှာတော့ တခြားအုပ်စုက သူငယ်ချင်းတွေ အပြေးအလွှားနဲ့ လိုအ်ပ်ချက်တွေကိုလိုက်စုဆောင်းနေကြတုန်း။ ကိုယ်က စိတ်ကူးထဲက ပုံကို ကျားလေးကိုပြောပြတော့ ကျားလေးလည်း ချက်ချင်းသဘောပေါက်တယ်။ ကျားလေးဆွဲလိုက်တဲ့ ပုံဟာ တော်တော်အသက်ဝင်တဲ့ ပန်းချီကားတချပ်ဖြစ်ပါတယ်။ ဂျင်းဂျားမလေးလည်း ကျောင်းအင်ဖော်မေးရှင်းနဲ့ ပြန်အလာ ကိုယ်တွေလည်းပုံဆွဲအပြီး တခါတည်း အမှတ်ပေးဒိုင်ဆီကို ပြေးကြတယ်။ သူများတွေလဲ အဲမှာစုပုံရောက်နေပါပြီ။ ကိုယ်တွေက တိုးမပေါက်နိုင်သလိုဖြစ်နေတဲ့ခန အုပ်စုတော်တော်များများက စောစောတော့ ရောက်၏၊ အချက်အလက် မပြည့်စုံတာနဲ့၊ မေးခွန်းနဲ့ အဖြေနဲ့ မကိုက်တာနဲ့ ဒိုင်နားမှာ လူတွေပါးသွားတဲ့ခန ဂျင်းဂျားက ဒိုင်ဆီကို သူမရဲ့စာရွက်လေးကို လှမ်းပေးလိုက်ပါတယ်။ ဒိုင်က စာရွက်ကို ၂ချက်အပြန်အလှန်ကြည့်ပြီး မေးခွန်းများနဲ့ အဖြေအတွက်အမှတ်ပေးပြီး ပုံကိုတော့ သေသေချာချာကြည့်ပြီး အမှတ်ပေးပါတယ်။ ကျောင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေကို စုဆောင်းတဲ့နေရာမှာ အုပ်စုတွေကရတဲ့အမှတ်တွေက သိပ်မကွာကြပါဘူး။ အားလုံးကလဲ ကျောင်းကို သိပ်အစိမ်းကြီးဖြစ်နေကြတာမှမဟုတ်တာ။ အဝေးကလာတဲ့ ကိုယ်တွေလောက်ဘဲ အစိမ်းသက်သက်ဖြစ်နေတာ။ မကြာခင်မှာ ပြိုင်ပွဲအချိန်ပြည့်ပြီဖြစ်ကြောင်း ဒိုင်က ကြေငြာအပြီးမှာတော့ ကျောင်းသား/သူအားလုံး ဟောခန်းထဲကို ပြန်ရောက်လာကြပါတယ်။ ကိုယ်ရတဲ့ အမှတ်ကို အော်ပြောကြတော့ ဂျင်းဂျားက ကိုယ်တို့အုပ်စု၇ဲ့အမှတ်ကို အော်လိုက်ပါတယ်။ ၂၄ မှတ်။ နောက်ဆုံးမှာတော့ မိမိတို့ရမှတ်ကို အမြင့်ဆုံးအမှတ်အဖြစ် ဒိုင်က ကြေငြာပါတယ်။ အဲမှာ လူတိုင်းက အော်..ဟယ်..ဟာ နဲ့ အော်ကြပါတယ်။  Oxford Dictionary အသေးလေးတွေ ဆုအဖြစ်ရကြပါတယ်။ ရတဲ့ ဆုကလေးက ဘာမှမဟုတ်ပေမဲ့ အားလုံးရဲ့မျက်လုံးလေးတွေက အဓိပါယ်လေးတွေနဲ့ လင်းလက်နေကြပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်စိတ်ထဲမှာ တခုခုအတွက် ကြိုတင်ပြင်ဆင်ရတော့မယ်ဆိုတာ သိနေခဲ့တယ်။

စာသင်နှစ်ပထမ ၃လပါတ်မှာ ကိုယ့်အခြေအနေလေးကတော့ သနားစဖွယ်သတ္တ၀ါလေးပါဘဲ။ စာနဲ့ကင်းကွာနေတာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ ကိုယ့်ဦးနှောက်၇ဲ့ နှေးကွေးမှု၊ စာသင်ပုံသင်နည်းတွေကိုအကဲမခတ်တတ်သေးတဲ့အချိန်၊ နှစ်ကြာရှာအောင် စုစည်းထားတဲ့ စိတ်ဖိစီးမှု နဲ့ အားပြင်းတဲ့ ယှဉ် ပြိုင်မှုတွေကြား ဘာသာရပ်အလိုက်ရမှတ်တွေကကတော့ ကိုယ့်အနေအထားနဲ့ဆို သူငယ်တန်းပြန်ဆင်းရမလိုလို နဲ့ အတော်ဘဲ စိတ်ဓါတ်ကျနေပြီ။ ပထမ လပါတ် ပြီးသွားတော့ စိတ်ကိုလျော့ချလိုက်တယ်။ ကိုယ့်ကိုယ်ကိုလဲ ပြန်ပြီးသုံးသပ်ကြည့်လိုက်မိတယ်။ ငါဘာတွေဖြစ်နေလို့ ဒီလိုဖြစ်နေရတာလဲလို့ ပြန်တွေးတယ်။ ကိုယ့်ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ စိတ်ကို သွားတွေ့လိုက်တယ်။ ကိုယ့်အာရုံတွေထဲမှာ မိသားစု၊မောင်နှမ၊ ဆွေမျိုး၊ ဘာညာသကာရတွေက နေရာအပြည့်ယူထားတာကိုး။ ကိုယ့်စိတ်တွေအရမ်းကို တင်းထားတဲ့ကို့အဖြစ်ကို သိလိုက်ရပြီးတဲ့နောက် အချိန်တော်တော်များများကို သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ သီချင်းနားထောင်တာ၊ စာကြည့်တိုက်က စာအုပ်တွေကို ဖတ်တာတွေကိုဘဲ အဓိကလုပ်ဖြစ်တယ်။ စာကို နာရီပိုင်းလောက်ဘဲ လုပ်လိုက်တယ်။ ဒိုင်ယာရီမှာ နေ့စဉ်မှတ်တမ်းတွေရေးလိုက်တဲ့အတွက်လည်း စိတ်ဖိစီးမှုတွေ လျော့ကျလာသလို အပိုတွေးတတ်တဲ့အကျင့်တွေလည်း နဲလာတယ်။ ကိုယ့်အကျင့်ကိုက အင်မတန်အတွေးများတတ်တယ်။ သူများပြောတဲ့စကားတွေကို အရမ်းအလေးအနက်ထားတွေးတတ်တဲ့ရလာဒ်ကတော့ တခါတလေ အရမ်းစိတ်ဖိစီးမှုဖြစ်စေတယ်။ အဲဒိအကျင့်တွေကို ပြန်ပြင်ဖို့ ကိုယ့်ကို ပြန်သတိပေးရင်း ဒုတိယလပါတ်ကတော့ ကုန်ဆုံးသွားပြန်လေရဲ့။ တတိယလပါတ်ကတော့ အတော့်ကို သက်တောင့်သက်သာနဲ့ စာလိုက်နိုင်သွားပါရဲ့။ အဓိကကတော့ သပွတ်အူလို ရှုပ်ထွေးနေတဲ့ စိတ်ကလေးကို သန့်စင်ပြီးတည်ငြိမ်အောင် အချိန်လေးတခု ရယူလိုက်တဲ့ အခြေအနေပါဘဲ။ လိုချင်ဖြစ်ချင်နေတာတွေကိုလည်း ထိန်းချုပ်ကန့်သတ်လျော့ချလာနိုင်ပါတယ်။  စိတ်တွေကြည်လင်လာတာနဲ့ဘဲ လူလဲတက်ကြါလန်းဆန်းလာပါတယ်။

ဒုတိယ ၃ လပါတ်စတင်တဲ့အချိန်မှာ အရာအားလုံးဟာ သူ့နေရာနဲ့သူ့အနေအထားအလိုက် အမှန်အကန်နေရာရသွားပါပြီ။ ကျောင်းသူ/သားတွေကတော့ အားမာန်အပြည့်နဲ့ ကြိုးစားနေကြလေရဲ့။ စာတွေ ဖြေရတော့မယ်ဆိုရင် အားလုံးက တိတ်ဆိတ်ပြီး ကိုယ့်အလုပ်နဲ့ကိုယ်စာနဲ့ ရှုပ်နေကြတယ်။ ကိုယ်လဲကိုယ့်အလုပ်နဲ့ ကိုယ့်ဇယားနဲ့ရှုပ်ပါတယ်။ ကိုယ့်အလုပ်ကတော့ ကိုယ့်ကိုယ်ကိုနားလည်အောင် ပြန်လုပ်နေ၇တဲ့ အနေအထား၊ ကိုယ့်စိတ်ကို ပြန်လေ့လာတဲ့အနေအထား၊ လူတွေနဲ့ ဘယ်လိုပေါင်းသင်းနေထိုင်ပြီး ဘယ်လိုစည်းနဲ့သွားရမလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဇယားကြီးကို စူးစူးစိုက်စိုက်လုပ်နေမိတယ်။ ၂၄ နှစ်နီးပါး ဖြတ်သန်းလာတဲ့ကာလတလျောက် ဘာတွေလုပ်မိလို့ ဘာတွေဖြစ်ရတယ်ဆိုတာကို ပြန်လည်သုံးသပ်ရင်း အိပ်ချိန် စားချိန်တွေကိုသာ အဓိက ဂရုစိုက်နေမိပါတယ်။ အခုဆိုရင် ကိုယ့်ဘာသာရပ်ရမှတ်တွေကို ကျေနပ်တတ်ပြီ။ အကောင်းဆုံးကိုလုပ်ခဲ့ရင် အကောင်းဆုံးရလဒ်ထွက်လာမယ်။ နဲနဲကြိုးစား၇င် နဲနဲပြန်ရမယ်ဆိုတာကိုလည်း သတိထားမိလာတတ်လာပြီ။ အကောင်းဆုံးအတွက် မျော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားတတ်ပြီ။ ထွက်လာတဲ့ ရလဒ်တွေအတွက်လဲ အပြုံးမပျက်ပါဘဲ။ကျောင်းသားတွေတော်တော်များများက ကိုယ့်ကိုမေးကြပါတယ်။ စာကိုဘယ်လိုကျက်မှတ်ပါသလဲ၊ ဘယ်လိုအချိန်ဇယားနဲ့ စာလုပ်ပါသလဲတဲ့။ စာကိုဘယ်လိုမှ မကျက်မှတ်ပါဘူး..ငယ်ငယ်ကသင်ခဲ့ပြီးသားအကြောင်းအရာတွေကို ပြန်လေ့လာတာပါ။ စာလုပ်ချိန်အတွက် သတ်မှတ်အချိန်ဇယားမရှိပါဘူး။ စာသင်ခန်းမှာသင်တာတွေကို သေချာဂရုစိုက်နားထောင်ပါတယ်။ စာလုပ်ချင်တဲ့တဲ့အချိန်မှာ လုပ်စရာရှိတာကို အကုန်လုပ်ပါတယ်လို့ဘဲ ပြန်ဖြေမိပါတယ်။ ဒါကလည်း ဆယ်တန်းဖြေတုန်းက ရခဲ့တဲ့ သင်ခန်းစာထင်ပါ၇ဲ့။ အဲဒီတုန်းကဆိုရင် စာသင်ခန်းမှာ ဂရုစိုက်တာ နဲခဲ့ပါတယ်။အဲကြောင့် ရလာဒ်ကလည်း ထင်သလောက်မပေါက်ခဲ့ဘူး။
ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေက မပြောပလောက်ပေမဲ့ စိတ်ဓါတ်ပြန်လည်တည်ဆောက်ရေးမှာတော့ ကိုယ့်အတွက် အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။ လပိုင်းအတွင်း ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ရင်း သူငယ်ချင်းတွေကိုလည်း နှစ်သိမ့်ပေးလာနိုင်ခဲ့ပါတယ်။ တချို့က ကျောင်းစာအတွက် အရမ်းကို စိတ်ဖိစီးမှု ဖြစ်ကြသလို တချို့လဲ လူမှုရေးမှာ အရမ်းကို စိတ်ဖိစီးကြပါတယ်။ အားလုံးကိုမဟုတ်ရင်တောင် လက်လှမ်းမီရာကို လက်တွဲဖေးမနိုင်ခဲ့ပါတယ်။ အချင်းချင်းကြားကူညီဖေးမမှုလေးတွေက နွေးထွေးတဲ့ဆက်ဆံရေးကို ပေါ်ပေါက်စေခဲ့သည်။

ဒီအတောအတွင်းမှာ အရာအားလုံးဟာ အဆင်ပြေချောမွေနေပြီလားဆိုလဲ မဟုတ်ခဲ့ပြန်ပါဘူး။ လူအများနဲ့ နေရတဲ့ကိစ္စဆိုတာ လွယ်တာတော့မဟုတ်ဘူးလေ။ ကိုယ့်ကို နှစ်သက်တဲ့လူရှိသလို မနှစ်သက်တာတွေလည်း တပုံတပင်ကြီး။ အဲတာတွေကို လျစ်လျူရှုလို့ ကိုယ်တထီးတည်းလည်းနေလို့မရသလို လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ စည်းကိုက်ဝါးကိုက်ဖြစ်အောင်လဲ ကြိုးစားလိုက်နေရသေးတယ်။ ဘာဖြစ်ဖြစ် အခုတော့ ကိုယ်ဟာ အားလုံးကို စည်းကိုက်ဝါးကိုက်အောင် နေတတ်သွားပြီ။ အရင်က အကြောင်းမသိလို့ ခပ်နှိမ်နှိမ်လုပ်ချင်သူတွေလည်း အချိုးတွေပြောင်းဆက်ဆံလာသလို ၊ သနားစရာ သတ္တ၀ါလို ကြည့်တတ်တဲ့ မျက်ဝန်းတွေထဲမှာလဲ ယုံကြည်မှုတွေရှိလာချေပြီဘဲ။ ဘာဘဲဖြစ်ဖြစ် အရင်က ကိုယ့်အကြောင်းသူမသိ၊ သူ့အကြောင်းကိုယ်မသိ အထင်အမြင်လေးနဲ့ ဆုံးဖြတ်သုံးသပ်ပြီး ဆက်ဆံတတ်တာလဲ လူငယ်ပီပီ လုပ်မိတတ်ကြတာလည်း အရင်တုန်းက မိမိအပါအ၀င်ပေမို့လား။ ဖြစ်သမျအကြောင်း သင်ပုန်းချေလို့ ပြေလည်စို့ပေါ့လေ။ ဒီလိုစိတ်လေးထားတတ်တော့လဲ နေရအဆင်ပြေလှပါတယ်။  ကိုယ့်ဟာ ၁၀ နှစ်ကျော်လောက် ဘုကန့်လန့်၊ လူ့ဂွစာကြီးဖြစ်နေတယ်ဆိုတာကိုပါ သတိပြုမိရင်း ပြုံးမိပါသေးတယ်။
ဒုတိယလပါတ်စာသင်ရက်အတွင်း အဖြစ်အပျက်လေးတခုကို မှတ်မှတ်ရရ ရှိနေတုန်းပါ။ အတန်းထဲမှာ အုပ်စုလိုက် ဂိမ်းကစားကြတယ်။  ကျောက်သင်ပုန်းမှာ ကိုယ့်ဖြေရမဲ့ စာကို ပြေးပြီး ရေးရပါတယ်။ ကိုယ်က အပြေးမသန်တာကို တဖက်အသင်းက သူငယ်ချင်းကလည်း အသိမို့ သူ့ခမျာ ပြေး၇မှာလည်း ကိုယ့်ကိုအားနာ၊ ကိုယ့်ကို ရှေ့ ၃ လှမ်းမှာ သွားနေခိုင်းပေမဲ့ ကိုယ်ကလဲ မနေတာမို့ သူ့ခမျာ အခက်ကြုံရပါတယ်။ ကိုယ်ကလဲ ရယ်ရယ်မောမောနဲ့ သူ့ကို ပြိုင်ပွဲစည်းမျဉ်းအတိုင်းတာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ပြိုင်ဖို့ပြောတော့ သူက အူကြောင်ကြောင်နဲ့ ခေါင်းညိတ်ပြပါတယ်။ အားလုံးကလည်း ပြုံးတုံ့တုံ့နဲ့ ဘယ်လို ပြိုင်ကြမလဲပေါ့လေ။ ဆရာက ၁ ၂ ၃ဆိုပြီအော်တော့ ကိုယ်လဲမပြေးသလို သူလဲ မပြေးပါဘဲ ကျောက်သင်ပုန်းကို ပြိုင်တူရောက်သွားပြီး ကိုယ်ဆီရေးရမဲ့စာကို တပြိုင်တည်း ရေးချလိုက်ကြပါတယ်။ တပြိုင်တည်း ပြီးကြသလို အမှတ်က တူနေတာကို သူမကလဲ ပြုံးတုံ့တုံ့ ကိုယ်လဲ ပြုံးစိစိနဲ့ သူမရဲ့ ပြိုင်ပွဲဝင်စိတ်ဓါတ်လေးကို လေးစားမိသွားတယ်။

နောက်ဆုံး ၃လပါတ်မှာတော့ စာသင်ချိန်နဲလာသလို အုပ်စုလိုက် ကွင်းဆင်းလေ့လာမှုတွေက များပါတယ်။ အသင်းလိုက် လှုပ်ရှားမှုတွေနဲ့ ကင်းကွာနေတာ အချိန်တော်ကြာပြီဖြစ်တဲ့ကိုယ်ဟာ အင်မတန်တက်ကြွနေပြန်ပါတယ်။နောက်ဆုံးလပါတ်မှာ ကစားတဲ့ ဂိမ်းလေးတခုကိုလဲ ရင်ထဲသတိရမိနေတုန်းပါဘဲ။ ဂိမ်းက တားထားတဲ့စည်း၂ဖက်ကို လွတ်အောင်ခုန်ကျော်ရတဲ့ကစားနည်းဖြစ်ပါတယ်။ တဖက်ကို ၁၅ ယောက်၊ အေအုပ်စု နဲ့ ဘီအုပ်စု နှစ်အုပ်စု ပြိုင်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲမှာမှ ကိုယ့်ဆီကို ဘောလုံးလေးကျရင် စည်းကိုခုန်ကျော်နိုင်ဖို့သာပြင်ပေရော.။ ကိုယ်က အေ အသင်းထဲက ၊ ကိုယ့်ဖက်ကအသင်းသားတွေလဲ ကိုယ့်ဆီကို ဘောလုံးမရောက်နိုင်အောင် ၀ိုင်းကာပေမဲ့ တဖက်ကလည်းကိုယ့်ကိုဘဲပစ်မှတ်ထားပြီးဘောလုံးလေးကို သဲသဲမဲမဲပစ်ပေးကြလေ၇ဲ့။ နောက်ဆုံး  အားလုံးတားထားတဲ့ကြားကနေဘောလုံးလေးက ကိုယ့်ဆိကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လို့လာပါတော့တယ်။ ခုန်ဆိုတော့လည်း ခုန်ရတာပေါ့လေ။ စည်း၂ခုက တော်တော်ကွာပါတယ် ။ ခြေတဖက်တည်းနဲ့ စည်းကျော်ရမှာဖြစ်တယ်။ အားလုံးရင်တမမ နဲ့ ကိုယ့်ကိုကြည့်နေကြတယ်။ စည်းကနေ နှစ်လှမ်းအကွာမှာ ရပ်ပြီး ခုန်ကျော်ဖို့ပြင်လိုက်ပါတယ်။ အားလုံးတိတ်ဆိတ်နေကြတယ်။ ခြေတဖက်ထောက်ပြီး ဟိုဖက်ကို  ခုန်ကျော် အပြီး အားလုံးက လက်ခုပ်တီးသြဘာပေးကြတယ်။ ကိုယ့်အခြေအနေကြောင့် ကိုယ့်ကို သူတို့က လှုပ်လှုပ်ရှားရှားအားကစားမှာ ၀င်မပြိုင်စေချင်ကြပါ။ ဒါဟာ အချင်းချင်းကြားမှာထားတဲ့စာနာမှုနဲ့ သံယောဇဉ် ဖြစ်ကြောင်းကို သိရှိနားလည်းခံစားမိပါတယ်။  ဒီကျောင်းချိန်မှာ အချိန်တွေတော်တော်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ခွန်အားတွေကို ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။ ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကိုလည်း အနားယူချိန်ရလိုက်ပါတယ်။ ကျောင်းသားဖြစ်ရတာ တခါတလေမှာ စာသင်ခန်းစာကိုအဓိက လေ့လာလိုက်စားယုံမကဘဲ စာထဲမှာ မသင်လိုက်ရတဲ့ ဘ၀အတွက် သင်ခန်းစာများကို လေ့လာလိုက်စားကြ၇တယ်ဆိုတဲ့ သင်ခန်းစာကောင်းတခုကိုတော့ ကောင်းကောင်းလေး နားလည်မှတ်သားခဲ့ရပါတယ်။

ဆယ်ကျော်သက်အရွယ်တုန်းက ရှေ့ကိုဘဲအာရုံစိုက်သွားပါတယ်။ ဘာဘာညာညာတွေးတတ်တာမဟုတ်ဘူး။ ဆယ်တန်းအောင်တော့ စိတ်ဓါတ်တွေက ဟိုးအောက်ဆုံးထိ ကျဖူးတယ်။ အဲမှာ စာအုပ်လေးတအုပ်သွားဖတ်မိတယ်။ "မိုးစွန်တမွတ်" ဆိုတဲ့ ဘာသာပြန်ဝတ္ထုလေး။ စာရေးဆရာတော့ မေ့ပြီ။ ၀တ္ထုလေးကတော့ ဆွစ်ဇာလန်က ရူဒီမတ်တောင်ကို တက်ဖို့ကြိုးစားနေတဲ့ လူငယ်လေးတယောက်အကြောင်းပါ။ အဲကနေ ကျနေတဲ့ စိတ်လေးကို ယက်ကန်ယကန်ကန်နဲ့ ပြန်ဆွဲတင်ရင်း ရှေ့တူရှုကိုဘဲ လုပ်သွားပါတယ်။ မိမိကိုယ်ကိုယ်ကို ပြန်လည်သုံးသပ်ချိန်မရှိခဲ့သလို ပြန်လည်သုံးသပ်ရမှန်းမသိတဲ့ ကိုယ်ဟာ ကျောင်းချိန်မှာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ချိန်အပြည့်အ၀ရလိုက်တယ်။ အရင်ကဆို ကိုယ့်ဆီကို တုတ်နဲ့ဝင်လာရင် ဓါးနဲ့တောင်တုန့်ပြန်ချင်တဲ့ ကိုယ်ဟာ အပြုံးနဲ့ တိတ်ဆိတ်မှုကို ပြန်လည်အသုံးပြုလာခဲ့တယ်။  ကိုယ့်ကို မဟုတ်တာပြောရင်တောင်မှ ခပ်ပြုံးပြုံးဘဲ တုန့်ပြန်တတ်လာတယ်။ အဲလို နေလိုက်တော့ တော်တော် အေးချမ်းသွားပါတယ်။ တဘက်က ပြောတဲ့လူလဲ ပြောရင်းကြာလာတော့ ပါးညောင်းပြီး ပါးစပ်ပိတ်သွားတယ်။ အမှန်တရားဆိုတာ ဘယ်အရာကိုမှ မကြောက်တတ်ဘူးလေ။ ပြောစရာရှိတာ၊ လုပ်စရာရှိတာတော့ ခပ်ပြတ်ပြတ် ပြောတတ် လုပ်တတ်တုန်းပါဘဲ။  ကျောင်းပြီးလို့ စိတ်ခွန်းအားတွေလည်းပြန်လည် ပြည့်ဝလာပါပြီ။ အနာဂတ်ခရီးလမ်းကို သတိနဲ့ ဖြေးဖြေးမှန်မှန်လှမ်းနိုင်ဖို့၊ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာထက် ကိုယ်ဘာဖြစ်နေတာလဲ၊ ဘာလိုနေတာလဲဆိုတာကို အရင်တွေးပြီးမှ ဆုံးဖြတ်ချက်ချတတ်ဖို့  ဒီကျောင်းချိန်အတွင်းမှာ သုံးသပ်ခဲ့ပါပြီ။ ဘ၀မှာ နေတတ်တော့ ကျေနပ်စရာတွေနဲ့ ပြည့်နှက်နေပြန်ပါတော့တယ်။

၂၀၀၉ က သူငယ်ချင်းတွေအားလုံးကို သတိရမိပါတယ်။ အားလုံးဘဲ ကိုယ့်ဆန္ဒရှိတဲ့အတိုင်း ဘ၀ခရီးလမ်းကို အောင်အောင်မြင်မြင် ခရီးဆက်နိုင်ကြပစေလို့ ဆုတောင်းပေးပါတယ်။

No comments: