15 November 2012

'09 မှတ်တမ်း

ဒီဇင်ဘာလဆောင်းရာသီရဲ့ အအေးဒဏ်နဲ့ ရင်ထဲက အပူတွေကတော့ ဆန့်ကျင်ဘက်ကြီးဖြစ်နေလေရဲ့။ ကျောင်းတက်ဖို့အရေး အဆင်မပြေမှုပေါင်းမြောက်များစွာကိုရင်ဆိုင်ပြီးမှ ကျောင်းခရီးစဉ်ကိုစတင်ရပါတော့တယ်။ ကျောင်းဝင်ခွင့်လျောက်လွာကို သတ်မှတ်ဖောင်ပိတ်ရက်ထက် တရက်စောပြီးတင်ခဲ့ရသလို ၀င်ခွင့်ရကြောင်းကိုလဲ ကျောက်းတက်ဖို့ တစ်ပါတ်အလိုမှသိခဲ့ရပြန်တော့ အလောနိုင်တကာ့အလောဆုံးနည်းများနဲ့ ကျောင်းကိုအရောက်လာခဲ့ရပါတယ်။ ဒီကြားထဲ လုပ်ထားတဲ့ အလုပ်တွေကို လွှဲပြောင်းပေးဖို့ကိုလည်းအမောတကော လုပ်ရပြန်သေးတယ်။ ခရီးသွားထောက်ခံစာ၊ ဘာညာအတွက်လဲ အပြေးအလွှားပြေးတောင်းရသေးတယ်။ ဒီဇင်ဘာနောက်ဆုံးပါတ်မှ ကျောင်းကို ညကြီးမင်းကြီးမှ ရောက်ခဲံရပြန်တယ်။ ကိုယ်မသိတဲ့နေရာဒေသမှာ ကားဂိတ်ကနေ ကျောင်းကိုလာဖို့အရေးကို ကျောင်းကစီနီယာကြီးကို လှမ်းဖုန်းဆက်ပြီးလာခေါ်ခိုင်းရသေးတယ်။ ခင်မျာလည်း ကားဂိတ်ကို ပြောထားတဲ့ ကားရောက်ချိန်နဲ့အမှီ လာကြိုပေးရှာတယ်။ စီနီယာကြီးကိုတွေ့မှ ရင်ထဲကလေပူကြီး မှုတ်ထုတ်နိုင်တော့တယ်။ ကျောင်းတက်ဖို့အရေး အားကြိုးမာန်တက် ကူညီပေးရှာတဲ့ အကိုတော်ကိုလဲ လှမ်းပြီးကျေးဇူးတင်လိုက်မိသေးတယ်။ ကျောင်းကိုရောက်တော့ ည ၉ နာရီခွဲလောက်ရှိပြီထင်တယ်။ကျောင်းမှာ လူတွေက တော်တော်စုံနေပြီ။ အားလုံးကလည်း ၀မ်းသာအားရ လှမ်းမိတ်ဆက်ကြတော့ ရောက်ရောက် ချင်းနဲနဲ သက်တောင့်သက်သာဖြစ်သွားမိတယ်။

နောက်တရက်မနက်မှာ ကျောင်းသူလေးတယောက်က မနက်စာသွားစားဖို့လာခေါ်ပါတယ်။ သူမက ကိုယ့်ကို  ဗမာလိုဘဲ ပြောပါတယ်။ ကိုယ်လဲ ပြုံးပြုံးဘဲ သူ့နောက်ကို လိုက်သွားမိပါတယ်။ ထမင်းစားခန်းထဲရောက်တော့ အားလုံးနိးပါးရောက်နေကြတယ်။ အားလုံးကလဲ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြတယ်။ ကိုယ့်နဲ့ တနယ်ထဲကလျောက်လွှာတင်တဲ့ကလေးမလေးက ကိုယ့်ကို လာနှုတ်ဆက်တော့ သူ့ကိုဖက်လှဲတကင်းနဲ့ ရင်းရင်းနှီးနှီးပြန်နှုတ်ရင်း စကားပြောကြရင်း အားလုံးက တအံ့တသြဖြစ်ကြပါတယ်။ သူတို့တော်တော်များများက ကိုယ့်ကို ရှမ်းလို့ ထင်ထားပုံမရဘဲ ကိုယ့်ကိုရှေ့မှာထားပြီး ပြောနေကြတာကိုး။ ကိုယ်လဲ ရှမ်း၁၀၀% ပါလို့ပြောတော့ အားလုံးကလဲ တသောသောရယ်ကြပါတယ်။ကျောင်းကိုစစရောက်တဲ့ ပထမဆုံးတရက်ကတော့ သက်တောင့်သက်သာနဲ့ ပျော်ရွင်ဖွယ် ကုန်ဆုံးသွားလေရဲ့။

 Orientation လုပ်တဲ့နေ့ကတော့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနေ့ထဲက တနေ့ပါဘဲ။ အဲဒီမှာ အင်မတန်သွက်လက်ပြီး ထက်မြက်တဲ့ သူငယ်ချင်းနှစ်ယောက်ကို ရခဲ့ပါတယ်။ သူတို့၂ယောက်ဟာ ကိုယ့်ထက် အတော်ငယ်ကြပါတယ်။ အုပ်စုအလိုက် ကျောင်းနဲ့ပက်သက်တဲ့သတင်းအချက်အလက်တွေကို စုဆောင်းရတဲ့ ပြိုင်ပွဲလေးတခုလုပ်ပြီးကျောင်းသားတွေကို ၃ယောက်တအုပ်စုနဲ့ ပြိုင်စေပါတယ်။  ပြိုင်ပွဲအချိန်က၂၀ မိနစ်။ အုပ်စုခွဲပြီးပြီးချင်း ကျားလေး၊ ဂျင်းဂျားနဲ့ ကိုယ်ရယ် ၃ယောက်သား  ၂ မိနစ်လောက် ယောင်ချာချာနဲ့ ဘယ်က စလို့ စရမှန်းမသိဘဲဖြစ်နေကြတယ်။ နောက်မှ ပြိုင်ပွဲကပေးလိုက်တဲ့စာရွက်ကိုကြည့်ပြီး  တာဝန်ခွဲပြီး လိုအပ်တဲ့ အချက်အလက်တွေကို လိုက်စုဖို့ပြောပြီး ၃ယောက်သား အပြေးအလွှား သူများနဲ့အလုအယက် လိုအပ်တဲ့ အချက်အလက်တွေကို စုကြပါတယ်။ ၄ မိနစ်လောက်မှာ ၃ယောက်သား ကိုယ်ရလာတဲ့ အချက်အလက်တွေကို နေရာအလိုက်ပြန်စီရင်း နောက်ဆုံးတချက်ဖြစ်တဲ့ ကျောင်းပတ်ဝန်းကျင်နဲ့ပက်သက်ပြီးအချက်အလက်များကို ဖော်ပြခိုင်းတဲ့ နေရမှတော့ ပန်းချီဆွဲတော်တဲ့ ကျားလေးက ပုံဆွဲဖို့ အကြံထုတ်နေရင်း ကိုယ်လဲ ကျောင်းရဲ့ အနေအထားကို စိတ်မှန်းပုံဆွဲကြည့်၇င်း ဘေးပတ်ဝန်းကျင်က အင်ဖော်မေးရှင်းတွေကိုတော့ ဂျင်းဂျားက ကျောင်းတာဝန်ခံဆီအပြေးအလွှားသွားမေးရပါတယ်။ ကိုယ်နဲ့ ကျားလေးက ကျောင်းကို ပုံနဲ့ဖော်ပြမလား၊ စာနဲ့ဖော်ပြမလားဆိုပြီး ၂ယောက်သားခေါင်းချင်းဆိုင် အကြံထုတ်ရင်းပုံဆွဲဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘေးပတ်ဝန်းကျင်မှာတော့ တခြားအုပ်စုက သူငယ်ချင်းတွေ အပြေးအလွှားနဲ့ လိုအ်ပ်ချက်တွေကိုလိုက်စုဆောင်းနေကြတုန်း။ ကိုယ်က စိတ်ကူးထဲက ပုံကို ကျားလေးကိုပြောပြတော့ ကျားလေးလည်း ချက်ချင်းသဘောပေါက်တယ်။ ကျားလေးဆွဲလိုက်တဲ့ ပုံဟာ တော်တော်အသက်ဝင်တဲ့ ပန်းချီကားတချပ်ဖြစ်ပါတယ်။ ဂျင်းဂျားမလေးလည်း ကျောင်းအင်ဖော်မေးရှင်းနဲ့ ပြန်အလာ ကိုယ်တွေလည်းပုံဆွဲအပြီး တခါတည်း အမှတ်ပေးဒိုင်ဆီကို ပြေးကြတယ်။ သူများတွေလဲ အဲမှာစုပုံရောက်နေပါပြီ။ ကိုယ်တွေက တိုးမပေါက်နိုင်သလိုဖြစ်နေတဲ့ခန အုပ်စုတော်တော်များများက စောစောတော့ ရောက်၏၊ အချက်အလက် မပြည့်စုံတာနဲ့၊ မေးခွန်းနဲ့ အဖြေနဲ့ မကိုက်တာနဲ့ ဒိုင်နားမှာ လူတွေပါးသွားတဲ့ခန ဂျင်းဂျားက ဒိုင်ဆီကို သူမရဲ့စာရွက်လေးကို လှမ်းပေးလိုက်ပါတယ်။ ဒိုင်က စာရွက်ကို ၂ချက်အပြန်အလှန်ကြည့်ပြီး မေးခွန်းများနဲ့ အဖြေအတွက်အမှတ်ပေးပြီး ပုံကိုတော့ သေသေချာချာကြည့်ပြီး အမှတ်ပေးပါတယ်။ ကျောင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေကို စုဆောင်းတဲ့နေရာမှာ အုပ်စုတွေကရတဲ့အမှတ်တွေက သိပ်မကွာကြပါဘူး။ အားလုံးကလဲ ကျောင်းကို သိပ်အစိမ်းကြီးဖြစ်နေကြတာမှမဟုတ်တာ။ အဝေးကလာတဲ့ ကိုယ်တွေလောက်ဘဲ အစိမ်းသက်သက်ဖြစ်နေတာ။ မကြာခင်မှာ ပြိုင်ပွဲအချိန်ပြည့်ပြီဖြစ်ကြောင်း ဒိုင်က ကြေငြာအပြီးမှာတော့ ကျောင်းသား/သူအားလုံး ဟောခန်းထဲကို ပြန်ရောက်လာကြပါတယ်။ ကိုယ်ရတဲ့ အမှတ်ကို အော်ပြောကြတော့ ဂျင်းဂျားက ကိုယ်တို့အုပ်စု၇ဲ့အမှတ်ကို အော်လိုက်ပါတယ်။ ၂၄ မှတ်။ နောက်ဆုံးမှာတော့ မိမိတို့ရမှတ်ကို အမြင့်ဆုံးအမှတ်အဖြစ် ဒိုင်က ကြေငြာပါတယ်။ အဲမှာ လူတိုင်းက အော်..ဟယ်..ဟာ နဲ့ အော်ကြပါတယ်။  Oxford Dictionary အသေးလေးတွေ ဆုအဖြစ်ရကြပါတယ်။ ရတဲ့ ဆုကလေးက ဘာမှမဟုတ်ပေမဲ့ အားလုံးရဲ့မျက်လုံးလေးတွေက အဓိပါယ်လေးတွေနဲ့ လင်းလက်နေကြပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်စိတ်ထဲမှာ တခုခုအတွက် ကြိုတင်ပြင်ဆင်ရတော့မယ်ဆိုတာ သိနေခဲ့တယ်။

စာသင်နှစ်ပထမ ၃လပါတ်မှာ ကိုယ့်အခြေအနေလေးကတော့ သနားစဖွယ်သတ္တ၀ါလေးပါဘဲ။ စာနဲ့ကင်းကွာနေတာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ ကိုယ့်ဦးနှောက်၇ဲ့ နှေးကွေးမှု၊ စာသင်ပုံသင်နည်းတွေကိုအကဲမခတ်တတ်သေးတဲ့အချိန်၊ နှစ်ကြာရှာအောင် စုစည်းထားတဲ့ စိတ်ဖိစီးမှု နဲ့ အားပြင်းတဲ့ ယှဉ် ပြိုင်မှုတွေကြား ဘာသာရပ်အလိုက်ရမှတ်တွေကကတော့ ကိုယ့်အနေအထားနဲ့ဆို သူငယ်တန်းပြန်ဆင်းရမလိုလို နဲ့ အတော်ဘဲ စိတ်ဓါတ်ကျနေပြီ။ ပထမ လပါတ် ပြီးသွားတော့ စိတ်ကိုလျော့ချလိုက်တယ်။ ကိုယ့်ကိုယ်ကိုလဲ ပြန်ပြီးသုံးသပ်ကြည့်လိုက်မိတယ်။ ငါဘာတွေဖြစ်နေလို့ ဒီလိုဖြစ်နေရတာလဲလို့ ပြန်တွေးတယ်။ ကိုယ့်ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ စိတ်ကို သွားတွေ့လိုက်တယ်။ ကိုယ့်အာရုံတွေထဲမှာ မိသားစု၊မောင်နှမ၊ ဆွေမျိုး၊ ဘာညာသကာရတွေက နေရာအပြည့်ယူထားတာကိုး။ ကိုယ့်စိတ်တွေအရမ်းကို တင်းထားတဲ့ကို့အဖြစ်ကို သိလိုက်ရပြီးတဲ့နောက် အချိန်တော်တော်များများကို သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ သီချင်းနားထောင်တာ၊ စာကြည့်တိုက်က စာအုပ်တွေကို ဖတ်တာတွေကိုဘဲ အဓိကလုပ်ဖြစ်တယ်။ စာကို နာရီပိုင်းလောက်ဘဲ လုပ်လိုက်တယ်။ ဒိုင်ယာရီမှာ နေ့စဉ်မှတ်တမ်းတွေရေးလိုက်တဲ့အတွက်လည်း စိတ်ဖိစီးမှုတွေ လျော့ကျလာသလို အပိုတွေးတတ်တဲ့အကျင့်တွေလည်း နဲလာတယ်။ ကိုယ့်အကျင့်ကိုက အင်မတန်အတွေးများတတ်တယ်။ သူများပြောတဲ့စကားတွေကို အရမ်းအလေးအနက်ထားတွေးတတ်တဲ့ရလာဒ်ကတော့ တခါတလေ အရမ်းစိတ်ဖိစီးမှုဖြစ်စေတယ်။ အဲဒိအကျင့်တွေကို ပြန်ပြင်ဖို့ ကိုယ့်ကို ပြန်သတိပေးရင်း ဒုတိယလပါတ်ကတော့ ကုန်ဆုံးသွားပြန်လေရဲ့။ တတိယလပါတ်ကတော့ အတော့်ကို သက်တောင့်သက်သာနဲ့ စာလိုက်နိုင်သွားပါရဲ့။ အဓိကကတော့ သပွတ်အူလို ရှုပ်ထွေးနေတဲ့ စိတ်ကလေးကို သန့်စင်ပြီးတည်ငြိမ်အောင် အချိန်လေးတခု ရယူလိုက်တဲ့ အခြေအနေပါဘဲ။ လိုချင်ဖြစ်ချင်နေတာတွေကိုလည်း ထိန်းချုပ်ကန့်သတ်လျော့ချလာနိုင်ပါတယ်။  စိတ်တွေကြည်လင်လာတာနဲ့ဘဲ လူလဲတက်ကြါလန်းဆန်းလာပါတယ်။

ဒုတိယ ၃ လပါတ်စတင်တဲ့အချိန်မှာ အရာအားလုံးဟာ သူ့နေရာနဲ့သူ့အနေအထားအလိုက် အမှန်အကန်နေရာရသွားပါပြီ။ ကျောင်းသူ/သားတွေကတော့ အားမာန်အပြည့်နဲ့ ကြိုးစားနေကြလေရဲ့။ စာတွေ ဖြေရတော့မယ်ဆိုရင် အားလုံးက တိတ်ဆိတ်ပြီး ကိုယ့်အလုပ်နဲ့ကိုယ်စာနဲ့ ရှုပ်နေကြတယ်။ ကိုယ်လဲကိုယ့်အလုပ်နဲ့ ကိုယ့်ဇယားနဲ့ရှုပ်ပါတယ်။ ကိုယ့်အလုပ်ကတော့ ကိုယ့်ကိုယ်ကိုနားလည်အောင် ပြန်လုပ်နေ၇တဲ့ အနေအထား၊ ကိုယ့်စိတ်ကို ပြန်လေ့လာတဲ့အနေအထား၊ လူတွေနဲ့ ဘယ်လိုပေါင်းသင်းနေထိုင်ပြီး ဘယ်လိုစည်းနဲ့သွားရမလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဇယားကြီးကို စူးစူးစိုက်စိုက်လုပ်နေမိတယ်။ ၂၄ နှစ်နီးပါး ဖြတ်သန်းလာတဲ့ကာလတလျောက် ဘာတွေလုပ်မိလို့ ဘာတွေဖြစ်ရတယ်ဆိုတာကို ပြန်လည်သုံးသပ်ရင်း အိပ်ချိန် စားချိန်တွေကိုသာ အဓိက ဂရုစိုက်နေမိပါတယ်။ အခုဆိုရင် ကိုယ့်ဘာသာရပ်ရမှတ်တွေကို ကျေနပ်တတ်ပြီ။ အကောင်းဆုံးကိုလုပ်ခဲ့ရင် အကောင်းဆုံးရလဒ်ထွက်လာမယ်။ နဲနဲကြိုးစား၇င် နဲနဲပြန်ရမယ်ဆိုတာကိုလည်း သတိထားမိလာတတ်လာပြီ။ အကောင်းဆုံးအတွက် မျော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားတတ်ပြီ။ ထွက်လာတဲ့ ရလဒ်တွေအတွက်လဲ အပြုံးမပျက်ပါဘဲ။ကျောင်းသားတွေတော်တော်များများက ကိုယ့်ကိုမေးကြပါတယ်။ စာကိုဘယ်လိုကျက်မှတ်ပါသလဲ၊ ဘယ်လိုအချိန်ဇယားနဲ့ စာလုပ်ပါသလဲတဲ့။ စာကိုဘယ်လိုမှ မကျက်မှတ်ပါဘူး..ငယ်ငယ်ကသင်ခဲ့ပြီးသားအကြောင်းအရာတွေကို ပြန်လေ့လာတာပါ။ စာလုပ်ချိန်အတွက် သတ်မှတ်အချိန်ဇယားမရှိပါဘူး။ စာသင်ခန်းမှာသင်တာတွေကို သေချာဂရုစိုက်နားထောင်ပါတယ်။ စာလုပ်ချင်တဲ့တဲ့အချိန်မှာ လုပ်စရာရှိတာကို အကုန်လုပ်ပါတယ်လို့ဘဲ ပြန်ဖြေမိပါတယ်။ ဒါကလည်း ဆယ်တန်းဖြေတုန်းက ရခဲ့တဲ့ သင်ခန်းစာထင်ပါ၇ဲ့။ အဲဒီတုန်းကဆိုရင် စာသင်ခန်းမှာ ဂရုစိုက်တာ နဲခဲ့ပါတယ်။အဲကြောင့် ရလာဒ်ကလည်း ထင်သလောက်မပေါက်ခဲ့ဘူး။
ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေက မပြောပလောက်ပေမဲ့ စိတ်ဓါတ်ပြန်လည်တည်ဆောက်ရေးမှာတော့ ကိုယ့်အတွက် အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။ လပိုင်းအတွင်း ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ရင်း သူငယ်ချင်းတွေကိုလည်း နှစ်သိမ့်ပေးလာနိုင်ခဲ့ပါတယ်။ တချို့က ကျောင်းစာအတွက် အရမ်းကို စိတ်ဖိစီးမှု ဖြစ်ကြသလို တချို့လဲ လူမှုရေးမှာ အရမ်းကို စိတ်ဖိစီးကြပါတယ်။ အားလုံးကိုမဟုတ်ရင်တောင် လက်လှမ်းမီရာကို လက်တွဲဖေးမနိုင်ခဲ့ပါတယ်။ အချင်းချင်းကြားကူညီဖေးမမှုလေးတွေက နွေးထွေးတဲ့ဆက်ဆံရေးကို ပေါ်ပေါက်စေခဲ့သည်။

ဒီအတောအတွင်းမှာ အရာအားလုံးဟာ အဆင်ပြေချောမွေနေပြီလားဆိုလဲ မဟုတ်ခဲ့ပြန်ပါဘူး။ လူအများနဲ့ နေရတဲ့ကိစ္စဆိုတာ လွယ်တာတော့မဟုတ်ဘူးလေ။ ကိုယ့်ကို နှစ်သက်တဲ့လူရှိသလို မနှစ်သက်တာတွေလည်း တပုံတပင်ကြီး။ အဲတာတွေကို လျစ်လျူရှုလို့ ကိုယ်တထီးတည်းလည်းနေလို့မရသလို လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ စည်းကိုက်ဝါးကိုက်ဖြစ်အောင်လဲ ကြိုးစားလိုက်နေရသေးတယ်။ ဘာဖြစ်ဖြစ် အခုတော့ ကိုယ်ဟာ အားလုံးကို စည်းကိုက်ဝါးကိုက်အောင် နေတတ်သွားပြီ။ အရင်က အကြောင်းမသိလို့ ခပ်နှိမ်နှိမ်လုပ်ချင်သူတွေလည်း အချိုးတွေပြောင်းဆက်ဆံလာသလို ၊ သနားစရာ သတ္တ၀ါလို ကြည့်တတ်တဲ့ မျက်ဝန်းတွေထဲမှာလဲ ယုံကြည်မှုတွေရှိလာချေပြီဘဲ။ ဘာဘဲဖြစ်ဖြစ် အရင်က ကိုယ့်အကြောင်းသူမသိ၊ သူ့အကြောင်းကိုယ်မသိ အထင်အမြင်လေးနဲ့ ဆုံးဖြတ်သုံးသပ်ပြီး ဆက်ဆံတတ်တာလဲ လူငယ်ပီပီ လုပ်မိတတ်ကြတာလည်း အရင်တုန်းက မိမိအပါအ၀င်ပေမို့လား။ ဖြစ်သမျအကြောင်း သင်ပုန်းချေလို့ ပြေလည်စို့ပေါ့လေ။ ဒီလိုစိတ်လေးထားတတ်တော့လဲ နေရအဆင်ပြေလှပါတယ်။  ကိုယ့်ဟာ ၁၀ နှစ်ကျော်လောက် ဘုကန့်လန့်၊ လူ့ဂွစာကြီးဖြစ်နေတယ်ဆိုတာကိုပါ သတိပြုမိရင်း ပြုံးမိပါသေးတယ်။
ဒုတိယလပါတ်စာသင်ရက်အတွင်း အဖြစ်အပျက်လေးတခုကို မှတ်မှတ်ရရ ရှိနေတုန်းပါ။ အတန်းထဲမှာ အုပ်စုလိုက် ဂိမ်းကစားကြတယ်။  ကျောက်သင်ပုန်းမှာ ကိုယ့်ဖြေရမဲ့ စာကို ပြေးပြီး ရေးရပါတယ်။ ကိုယ်က အပြေးမသန်တာကို တဖက်အသင်းက သူငယ်ချင်းကလည်း အသိမို့ သူ့ခမျာ ပြေး၇မှာလည်း ကိုယ့်ကိုအားနာ၊ ကိုယ့်ကို ရှေ့ ၃ လှမ်းမှာ သွားနေခိုင်းပေမဲ့ ကိုယ်ကလဲ မနေတာမို့ သူ့ခမျာ အခက်ကြုံရပါတယ်။ ကိုယ်ကလဲ ရယ်ရယ်မောမောနဲ့ သူ့ကို ပြိုင်ပွဲစည်းမျဉ်းအတိုင်းတာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ပြိုင်ဖို့ပြောတော့ သူက အူကြောင်ကြောင်နဲ့ ခေါင်းညိတ်ပြပါတယ်။ အားလုံးကလည်း ပြုံးတုံ့တုံ့နဲ့ ဘယ်လို ပြိုင်ကြမလဲပေါ့လေ။ ဆရာက ၁ ၂ ၃ဆိုပြီအော်တော့ ကိုယ်လဲမပြေးသလို သူလဲ မပြေးပါဘဲ ကျောက်သင်ပုန်းကို ပြိုင်တူရောက်သွားပြီး ကိုယ်ဆီရေးရမဲ့စာကို တပြိုင်တည်း ရေးချလိုက်ကြပါတယ်။ တပြိုင်တည်း ပြီးကြသလို အမှတ်က တူနေတာကို သူမကလဲ ပြုံးတုံ့တုံ့ ကိုယ်လဲ ပြုံးစိစိနဲ့ သူမရဲ့ ပြိုင်ပွဲဝင်စိတ်ဓါတ်လေးကို လေးစားမိသွားတယ်။

နောက်ဆုံး ၃လပါတ်မှာတော့ စာသင်ချိန်နဲလာသလို အုပ်စုလိုက် ကွင်းဆင်းလေ့လာမှုတွေက များပါတယ်။ အသင်းလိုက် လှုပ်ရှားမှုတွေနဲ့ ကင်းကွာနေတာ အချိန်တော်ကြာပြီဖြစ်တဲ့ကိုယ်ဟာ အင်မတန်တက်ကြွနေပြန်ပါတယ်။နောက်ဆုံးလပါတ်မှာ ကစားတဲ့ ဂိမ်းလေးတခုကိုလဲ ရင်ထဲသတိရမိနေတုန်းပါဘဲ။ ဂိမ်းက တားထားတဲ့စည်း၂ဖက်ကို လွတ်အောင်ခုန်ကျော်ရတဲ့ကစားနည်းဖြစ်ပါတယ်။ တဖက်ကို ၁၅ ယောက်၊ အေအုပ်စု နဲ့ ဘီအုပ်စု နှစ်အုပ်စု ပြိုင်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲမှာမှ ကိုယ့်ဆီကို ဘောလုံးလေးကျရင် စည်းကိုခုန်ကျော်နိုင်ဖို့သာပြင်ပေရော.။ ကိုယ်က အေ အသင်းထဲက ၊ ကိုယ့်ဖက်ကအသင်းသားတွေလဲ ကိုယ့်ဆီကို ဘောလုံးမရောက်နိုင်အောင် ၀ိုင်းကာပေမဲ့ တဖက်ကလည်းကိုယ့်ကိုဘဲပစ်မှတ်ထားပြီးဘောလုံးလေးကို သဲသဲမဲမဲပစ်ပေးကြလေ၇ဲ့။ နောက်ဆုံး  အားလုံးတားထားတဲ့ကြားကနေဘောလုံးလေးက ကိုယ့်ဆိကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လို့လာပါတော့တယ်။ ခုန်ဆိုတော့လည်း ခုန်ရတာပေါ့လေ။ စည်း၂ခုက တော်တော်ကွာပါတယ် ။ ခြေတဖက်တည်းနဲ့ စည်းကျော်ရမှာဖြစ်တယ်။ အားလုံးရင်တမမ နဲ့ ကိုယ့်ကိုကြည့်နေကြတယ်။ စည်းကနေ နှစ်လှမ်းအကွာမှာ ရပ်ပြီး ခုန်ကျော်ဖို့ပြင်လိုက်ပါတယ်။ အားလုံးတိတ်ဆိတ်နေကြတယ်။ ခြေတဖက်ထောက်ပြီး ဟိုဖက်ကို  ခုန်ကျော် အပြီး အားလုံးက လက်ခုပ်တီးသြဘာပေးကြတယ်။ ကိုယ့်အခြေအနေကြောင့် ကိုယ့်ကို သူတို့က လှုပ်လှုပ်ရှားရှားအားကစားမှာ ၀င်မပြိုင်စေချင်ကြပါ။ ဒါဟာ အချင်းချင်းကြားမှာထားတဲ့စာနာမှုနဲ့ သံယောဇဉ် ဖြစ်ကြောင်းကို သိရှိနားလည်းခံစားမိပါတယ်။  ဒီကျောင်းချိန်မှာ အချိန်တွေတော်တော်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ခွန်အားတွေကို ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။ ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကိုလည်း အနားယူချိန်ရလိုက်ပါတယ်။ ကျောင်းသားဖြစ်ရတာ တခါတလေမှာ စာသင်ခန်းစာကိုအဓိက လေ့လာလိုက်စားယုံမကဘဲ စာထဲမှာ မသင်လိုက်ရတဲ့ ဘ၀အတွက် သင်ခန်းစာများကို လေ့လာလိုက်စားကြ၇တယ်ဆိုတဲ့ သင်ခန်းစာကောင်းတခုကိုတော့ ကောင်းကောင်းလေး နားလည်မှတ်သားခဲ့ရပါတယ်။

ဆယ်ကျော်သက်အရွယ်တုန်းက ရှေ့ကိုဘဲအာရုံစိုက်သွားပါတယ်။ ဘာဘာညာညာတွေးတတ်တာမဟုတ်ဘူး။ ဆယ်တန်းအောင်တော့ စိတ်ဓါတ်တွေက ဟိုးအောက်ဆုံးထိ ကျဖူးတယ်။ အဲမှာ စာအုပ်လေးတအုပ်သွားဖတ်မိတယ်။ "မိုးစွန်တမွတ်" ဆိုတဲ့ ဘာသာပြန်ဝတ္ထုလေး။ စာရေးဆရာတော့ မေ့ပြီ။ ၀တ္ထုလေးကတော့ ဆွစ်ဇာလန်က ရူဒီမတ်တောင်ကို တက်ဖို့ကြိုးစားနေတဲ့ လူငယ်လေးတယောက်အကြောင်းပါ။ အဲကနေ ကျနေတဲ့ စိတ်လေးကို ယက်ကန်ယကန်ကန်နဲ့ ပြန်ဆွဲတင်ရင်း ရှေ့တူရှုကိုဘဲ လုပ်သွားပါတယ်။ မိမိကိုယ်ကိုယ်ကို ပြန်လည်သုံးသပ်ချိန်မရှိခဲ့သလို ပြန်လည်သုံးသပ်ရမှန်းမသိတဲ့ ကိုယ်ဟာ ကျောင်းချိန်မှာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ချိန်အပြည့်အ၀ရလိုက်တယ်။ အရင်ကဆို ကိုယ့်ဆီကို တုတ်နဲ့ဝင်လာရင် ဓါးနဲ့တောင်တုန့်ပြန်ချင်တဲ့ ကိုယ်ဟာ အပြုံးနဲ့ တိတ်ဆိတ်မှုကို ပြန်လည်အသုံးပြုလာခဲ့တယ်။  ကိုယ့်ကို မဟုတ်တာပြောရင်တောင်မှ ခပ်ပြုံးပြုံးဘဲ တုန့်ပြန်တတ်လာတယ်။ အဲလို နေလိုက်တော့ တော်တော် အေးချမ်းသွားပါတယ်။ တဘက်က ပြောတဲ့လူလဲ ပြောရင်းကြာလာတော့ ပါးညောင်းပြီး ပါးစပ်ပိတ်သွားတယ်။ အမှန်တရားဆိုတာ ဘယ်အရာကိုမှ မကြောက်တတ်ဘူးလေ။ ပြောစရာရှိတာ၊ လုပ်စရာရှိတာတော့ ခပ်ပြတ်ပြတ် ပြောတတ် လုပ်တတ်တုန်းပါဘဲ။  ကျောင်းပြီးလို့ စိတ်ခွန်းအားတွေလည်းပြန်လည် ပြည့်ဝလာပါပြီ။ အနာဂတ်ခရီးလမ်းကို သတိနဲ့ ဖြေးဖြေးမှန်မှန်လှမ်းနိုင်ဖို့၊ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာထက် ကိုယ်ဘာဖြစ်နေတာလဲ၊ ဘာလိုနေတာလဲဆိုတာကို အရင်တွေးပြီးမှ ဆုံးဖြတ်ချက်ချတတ်ဖို့  ဒီကျောင်းချိန်အတွင်းမှာ သုံးသပ်ခဲ့ပါပြီ။ ဘ၀မှာ နေတတ်တော့ ကျေနပ်စရာတွေနဲ့ ပြည့်နှက်နေပြန်ပါတော့တယ်။

၂၀၀၉ က သူငယ်ချင်းတွေအားလုံးကို သတိရမိပါတယ်။ အားလုံးဘဲ ကိုယ့်ဆန္ဒရှိတဲ့အတိုင်း ဘ၀ခရီးလမ်းကို အောင်အောင်မြင်မြင် ခရီးဆက်နိုင်ကြပစေလို့ ဆုတောင်းပေးပါတယ်။

28 September 2012

နှလုံးသားကို မီးသိုက်သွင်းတဲ့နေ့

လူတယောက်ကို ချစ်ဖို့က လွယ်တယ်။  ဘာကိုအခြေခံပြီးဖြစ်ပေါ်လာမှန်းမသိတဲ့အချစ်၇ဲ့အကြောင်းပြချက်က ပြောရတော်တော်ခက်ပါတယ်။ အဆိုးဆုံးကတော့ တဘက်သားက အသုံးချသွားတဲ့ နှလုံးသားတစ်ခုရဲ့ နာကျဉ်းမှုကတော့ အတိုင်းထက်အလွန်ပေါ့။
မင်းတော်ပါတယ်....တသက်လုံး ခေါင်းမာပြီး ဘယ်သူ့ကိုမှ လှိုက်လှိုက်လှဲလှဲ မချစ်ဖူးတဲ့ငါ့ကို ယုံအောင်ပုံပြောနိုင်တယ်။ မင်းပြောတတ်တဲ့ ရိုးသားတဲ့ နှလုံးသားတစ်စုံက မင်းချစ်တဲ့သူအတွက်သာဖြစ်တယ်။ အားလုံးမင်းအပြစ်တော့ မဟုတ်ပါဘူး။ အစကတည်း ငါ့အတွက် မင်းရင်ဘတ်က ဗလာဘဲဖြစ်တယ်ဆိုတာ နားလည်ပြိးသားပါမို့ ချစ်မိတဲ့ ငါ့မှာလဲ အပြစ်လုံးလုံးရှိပါတယ်။ မင်းကို သံယောဇဉ်ထားမိတဲ့ ငါ့အဖြစ်က ကိုယ့်နောက်ကျောကို ဓါးနဲ့ထိုးနေမှန်းသိတာတောင် ကျေကျေနပ်နပ်နဲ့ ငြိမ်ခံနေတာ။ အရင်က မင်းပြောတဲ့ အချစ်ကြောင့်အမြဲကံမကောင်းခဲ့သူဟာ ဒီအချိန်မှာ ငါ ဖြစ်လိမ့်မယ်လို့
ယောင်လို့တောင်တွေးမထားခဲ့ဘူး။ အခုတော့ တဲ့တဲ့ကြီးထောင်ကျောက်ကိုဝင်တိုးတဲ့ ကျားကြီးတစ်ကောင်လို ဒဏ်ရာပရပွနဲ့ မချိမဆန့်ခံစားနေရတဲ့အဖြစ်ပေါ့။ ရုန်းလေမြုပ်လေ၊ တွန်းလေနစ်လေ ဖြစ်မဲ့အစား ငါနှလုံးသားတွေ အေးဆေးစွာသေဆုံးပါစေတော့။
 တကယ်တော့အွန်လိုင်းမှာ မင်းနာရီပေါင်းများစွာ ထိုင်စောင့်နေခဲ့တာ ငါမဟုတ်သလို နေ့စဉ်ရက်ဆက်တွေ့ဖို့စောင့်စားခဲသူဟာလည်း ငါမဟုတ်ပြန်ဘူး။ ငါ မေးတိုင်း မင်းရင်ကဆန္ဒကို ဆန့်ကျင်ပြီး ဖြေခဲ့တယ်။ မင်းပြောတဲ့ ရိုးသားမှုကို ငါလက်ခံနိုင်ပါပြီ။ မင်းချစ်သူကို မင်းရိုးသားစွာနဲ့ ပေးဆပ်ချစ်သွားမယ်ဆိုတာ ငါလက်ခံပါပြီ။ ငါအပြင်လူတယောက်အနေနဲ့  မင်းချစ်သူအတွက်တော့ မင်းက အင်မတန်ပြီးပြည့်စုံတဲ့ချစ်သူတယောက်ဆိုတာလဲ ငါသုံးသပ်မိပါတယ်။ မင်းပြောသလို မင်းဟာ ချစ်သူအတွက် ဘာမဆိုပေးဆပ်စွန့်လွတ်နိုင်တဲ့လူတယောက်ဆိုတာလဲ  လက်တွေ့ကျကျယုံလိုက်ပြန်ပါပြီ။ မင်းချစ်သူစိတ်တိုင်းကျ အမည်ခံချစ်သူတယောက်ကို မင်းအရရှာခဲ့တယ်။ ဘ၀ကို နေပျော်ပျော်နဲ့ ဖြတ်သန်းဖို့ မင်းချစ်သူပြောတာကို လိုက်နာဖို့ ရင်မှာ အော်ငိုနေတာတောင် အပြင်မှာ မင်းပြုံးနိုင်အောင် ကြိုးစားနိုင်သေးတယ်။ အဲဒီအပြုံးမှာ ကျဆုံးပြီးသားကောင်းဖြစ်ရတဲ့ ငါ့နှလုံးသားကတော့ ရာဇ၀င်ရိုင်းသွားတယ်။
မင်းပြောတဲ့ ဆင်း၇ဲခြင်းအကြောင်းတွေ၊ မိသားစုရဲ့အဆင်မပြေမှုတွေ၊ ဘ၀ရဲ့ အနိမ့်အမြင့်လေလှိုင်းတွေကြားမှာ ငါ့မေတ္တာတရားလေး မြေဇာပင်ဖြစ်ခဲ့ရပြီ။ ချစ်သူတို့ရဲ့ဝတ္တရား ငါတို့ကြားမှာ မပျက်ကွက်ခဲ့ဘူး။ မင်းလဲ ချစ်သူရဲ့ဝတ္တရားအတိုင်း မပျက်မကွက်လိုက်လျောဆောင်ရွက်ခဲ့သလို ငါလဲ မင်းလိုသမျှ ဖြည့်ဆည်းပေးဆပ်ခဲ့တယ်။ ငါတို့ရဲ့ အချစ်ကအပြင်ကကြည့်လိုက်ရင် အင်မတန်မှပြိးပြည့်စုံတဲ့ ချစ်ခြင်းတစုံပေါ့။ အမြင်နဲ့ကွဲနေတာကတော့ မင်းက ၀တ္တရားအတိုင်း ရင်ဘတ်ကဆန္ဒမပါဘဲနဲ့ ငါ့ကိုစိတ်ကျေနပ်အောင် အလျော့ပေးတယ်။ ငါကလည်း မင်းရဲ့ နွေဒဏ်ခံလိုက်ရတဲ့ ကန္တာရနှလုံးသားလွင်ပြင်ကြီးကို စိမ်းလန်းသာယာ သစ်တောကမ္ဘာဖြစ်အောင် မြောင်းတွေဖေါက်၊ ရေကာတာတွေဆောက်နဲ့ နောက်ဆုံးတော့ လက်ပန်းကျသွားတယ်။ နောက်ဆုံးတော့ မင်းလည်း အပြုံးတုကို စိတ်ကုန်လာသလို ငါလဲ အမှန်တရားတစ်ခုကို လက်ခံချင်လာတယ်။ မရှိတဲ့ချစ်ခြင်းတခုကို ငါမတူးဖော်ချင်တော့ဘူး။ တိမ်နေတဲ့ချောင်းကို ရေစီးအောင် ငါမစွမ်းဆောင်နိုင်တော့ဘူး။
မင်းပြောတဲ့ ချစ်သူကောင်းတို့ရဲ့ကျင့်ဝတ်တွေ ငါတို့အတူတကွ ကျင့်ဆောင်ဖူးကြတယ်။ ချစ်သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ သေသေချာချာလိုက်နာခဲ့ဖူးတယ်။ နောင်တချိန်မှာ လူတယောက်ကိုချစ်မယ်ဆိုရင် အဲဒီစည်းတွေအစား ရင်ဘတ်က ဆန္ဒကိုဘဲ ငါရွေးချယ်တော့မယ်။ အဲတာကလဲ မင်းဆီက ရလိုက်တဲ့ သင်ခန်းစာပေါ့။ မင်းရဲ့နှစ်လိုဖွယ် ကြင်နာစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ငါ့ကို ချစ်တယ်လို့ အမြဲပြောတတ်တဲ့ မင်းနှတ်ခမ်းကိုလဲ ငါမြတ်နိုးပါတယ်။ မင်းမိသားစုနဲ့ ရင်းနှီးခွင့်ရတဲ့အတွက် သူတို့ကိုလဲ ငါသိပ်ခင်တဲ့အကြောင်းပြောပြပေးပါ။ သဘောထားကောင်းတဲ့ မင်းအမေကိုလဲ ငါချစ်ပါတယ်။ ငါ့ကို ခင်ခင်မင်မင်နဲ့ စနောက်တတ်တဲ့ မင်းဘော်ဒါတွေကို ငါခင်မင်မိပါတယ်။
အရက်သောက်တာ၊ မာဆတ်ခန်းသွားတာကိုဆို  သိပ်ရစ်တတ်တယ်လို့ မင်းအမြဲပြောတတ်တယ်။ ငါရစ်တယ်ထားဦး အဲတာ မင်းအပေါ်ထားတဲ့ ငါ့ရဲ့ စေတနာတစွန်းတစ်စဖြစ်တယ်ဆိုတာ ဘာလို့ မမြင်မိရတာလဲလို့ ငါအကြိမ်ကြိမ်တွေးတော အံ့သြ၀မ်းနဲခဲ့ရတယ်။
မင်းအတွက်ဆို လမ်းသွားရင်တောင် ကားတွေ၊ယာဉ်တွေ တိုက်မိမှာကို စိုးရိမ်နေတတ်သေးတဲ့ ငါ့ရဲ့အဖြစ်ကလည်းဟာသပါဘဲ။ မင်းမျက်နှာမကောင်းရင် ငါပါလိုက်ပြီးစိတ်တွေလေးလံ၊ ပူပန်ရတာ မင်းဂရုမစိုက်ဘဲ နေနိုင်သလို ငါနေနိုင်ချင်လိုက်တာ။ ငါ့ကို စိတ်ပါပါနဲ့ အဆင်ပြေလား၊ ဘာဖြစ်လဲလို့ မင်းနှခါများမေးဖူးသလဲ။ ငါ့ကို သဲသဲလှုပ်လှုပ်ဂရုစိုက်စေလို့တဲ့ သဘောတော့မဟုတ်ပါဘူး။ ငါလဲ နှလုံးသားနဲ့ အသက်ရှင်နေတဲ့ မိန်းမမို့ မင်းရဲ့ မတော်တဆမဟုတ်တဲ့ တမင်တကာ ဥပက္ခာတွေကို ခံနိုင်အောင် ငါဘယ်လောက်ထိ မျိုသိပ်ထိန်းချုပ်ခဲ့ရသလဲဆိုတာ ခံစားဖူးတဲ့ မင်းနားလည်ပါမှာပါ။ ချစ်သူကိုထိဓါးကြည့်ဆိုတဲ့ မင်း၇ဲ့စိတ်ဓါတ်လေးကိုတော့ လုံးဝအားကျမိပါတယ်။ အဲဒီအတွက်ကြောင့် ငါလဲ အတ္တဘောကြီးဖြစ်ရတာနဲ့၊ နားလည်မှုမရှိတဲ့ မိန်းမဖြစ်ရတာနဲ့၊ သဘောထားသေးတဲ့မိန်းမဖြစ်ရတာနဲ့၊ ရိုင်းစိုင်းတဲ့မိန်းမဖြစ်ရတာနဲ့မင်း၇ဲ့စွပ်စွဲချက်ပေါင်းမြောက်များစွာထဲက လူးလူးလိမ့်လိမ့်ဖြစ်နေရပါတော့တယ်။ လူတိုတာ ကိုယ့်ချစ်တဲ့လူဖြစ်ဖြစ် ၊ ပစ္စည်းဖြစ်ဖြစ် ဘာလုပ်လုပ် အပြစ်မမြင်မိတတ်ကြဘူး။ ငါကတော့ အချစ်မရှိတဲ့ ချစ်သူကိုရလို့ ဘာမဆို အပြစ်ဖြစ်ကုန်တယ်။ အရာအားလုံးအကျဉ်းတန်သွားတယ်။ သံဝေဂရဖို့တော်တော်ကောင်းတဲ့အရာတွေပေါ့။
မင်းကတော့ လူလူချင်း မေတ္တာတရားထားလွန်းပါတယ်။ အွန်လိုင်းက မင်းကိုထားသွားတဲ့ အသက်ပေးမတတ်ချစ်သူကိုတော့ မောင်နှမလိုဆက်ချစ်ကြမယ်။ မင်းအမေကို စောင့်ရှောက်ပေးတဲ့ ချစ်မမကိုလည်း မောင်ချစ်နှမချစ် ချစ်ဦးမယ်။ ငယ်ငယ်ကတည်းအိမ်ဘေးကသူငယ်ချင်းဆိုတာကိုလည်း ချစ်ခင်လျက်ပါဘဲ။ ဖေ့ဘုတ်က မောင်နှမတော်ထားတဲ့ မင်း၇ဲ့ချစ်ညီမတွေကိုလည်း ဘုရားဖူးလေးဘာလေးပို့ပြီး အလွမ်းသယ်ဦးမယ်။ ဖုန်းထဲက သဇင်တို့၊ မိုး တို့ဆိုတာကလဲ ပါသေး။ ငါတော့ မေတ္တာနဲနဲတုံးတဲ့မိန်းမပေါ့။ ငါ့သူငယ်ချင်းဆို ရဲဘော်ရဲဘက်၊သေဖော်ရှင်ဖက်လေက်ဘဲ။ ကူညီစရာရှိရင်ကူမယ်။ အီတီတီ ဗြီတီတီမချစ်တတ်ဘူး။ မင်းနဲ့ပြတ်သွားပြီးရင်လဲ ငါတော့ မောင်နှချစ်တွေ၊ သူငယ်ချင်းချစ်တွေ မချစ်နိုင်ပါဘူး။ သူစိမ်းက သူစိမ်းဘဲပေါ့ဟ။
ဒီစာကိုမင်းမြင်တဲ့ချိန်မှာ ငါ့ကို မေတ္တာပို့ကြိမ်ဆဲချင်ဆဲပါ။ ဒါပေမဲ့ ငါ့ရဲ့ သံယောဇဉ် မျှင်မျှင်လေးတောင် မတမ်းတပါနဲ့။
ဒီကြိုးကို ဖြတ်လိုက်သူဟာ  ငါမဟုတ်ခဲ့ဘူး။ လိုအပ်တဲ့အချိန်မှာ ခေါ်လိုက်ပါဆိုတဲ့စကားက တက္ကဆီငှားတဲ့ကုမ္ဘဏီတွေသုံးတဲ့စကားလေ။ ချစ်သူအချင်းချင်းကြားသုံးတဲ့စကားမဟုတ်ဘူး။ ငါ့အပေါ်ကို လျစ်လျူရှုပြီးနေစိမ့်နိုင်တဲ့မင်းကို ချည်နှောင်ထားဖို့ ငါစိတ်ကူးမရှိဘူး။ လိုရာကို လွတ်လပ်စွာပျံသန်းပါ။ ဆုံးဖြတ်ချက်ချပြီးလို့ ဒီစာကို ငါထိုင်ရေးနေရင်း ငါနှလုံးသားတွေ တဆစ်ဆစ်နဲ့ နာကျင်လာခဲ့ရပြန်တယ်။ ဒဏ်ရာကို ကုစားဖို့ အချိန်တွေအများကြီးငါယူရဦးမယ်။ မင်းနဲ့လက်တွဲသွားဖို့စိတ်ကူးထားတဲ့အတွက်ကြောင့် ပြင်ဆင်ထားတဲ့ အနာဂတ်အစီအစဉ်တွေလည်း ကမောက်ကမတွေဖြစ်ကုန်ပြီ။ အားလုံးကို ငါ လမ်းကြောင်းပြောင်းရဦးမယ်။ မင်းရှိတဲ့ အရပ်ကို ရွေးချယ်အခြေချဖို့လှမ်းထားတဲ့ခြေလှမ်းလဲ နောက်ပြန်ဆုတ်မရတော့ဘူး။ အပြုံးပန်းတွေဝေနေမဲ့ ပြည်တော်ပြန်ခရီးကလဲ မလန်းဆန်း၊ မတက်ကြွတော့ဘူး။ ငါ အချိန်တွေအများကြီးယူပြီးပြင်ဆင်ခဲ့ အစီအစဉ်တွေက အခုတော့ တခုမှအရာမထင်တော့ဘူး။ ငါ့နှလုံးသားကို မီးသဂြိုလ်ပြီးတဲ့နောက် ပြန်လည်ရှင်သန်ဖို့ ငါအားသစ်ယူရဦးမယ်...
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

07 September 2012

ရင်ထဲက ပန်းခရေ




(မမရေ..မမ..ဖုန်းလာနေတယ်...ပီဟွမ်ဆက်တာ...)
လို့ မောင်လေးရဲ့ အော်သံကြောင့် အခန်းထဲမှာ သီချင်းနားထောင်ရင်း အခန်းသန့်ရှင်းရေးလုပ်နေတဲ့ မွန်းက( အေး)လို့ ပြန်ထူးရင်း ဖုန်းရှိရာ ဧည့်ခန်းသို့ ကသောကမျောပြေးလာကိုင်လေသည်။
(ဟလို...ဟွမ်...နေကောင်း၇ဲ့လား..အဆင်ပြေရဲ့လား)
(အင်း...ကောင်းတယ်...ပြေတယ်...နင်ဘာလုပ်နေလဲ?..ခေါ်နေတာ ကြာပြီ)
(အခန်းရှင်းနေတယ်လေ...သီချင်းနားထောင်ရင်း....၁၉း၁၈ လေ...နင်ယူလာတဲ့ သီချင်းခွေ)
(အင်း...ပြန်လာရင် Pound's  ကရင်မ် တဗူးဝယ်လာခဲ့...၂၅၀၀ ကျော်တန်ဟာနော်...မမေ့နဲ့...ငါ့မျက်နှာက အဲတာနဲ့ပဲ တဲ့တယ်။ မမေ့နဲ့နော်)
(အင်း...ပိုက်ဆံမလောက်ရင်ကော)
(ငါ့သူငယ်ချင်း သူအဝေးသင်သွားတက်မလို့ သူနဲ့ နင့်ကားခပါ ထဲ့ပေးလိုက်မယ် ၁၅၀၀၀)
(အင်း...အဆင်ပြေ၇ဲ့လား)
(ပြေတယ်လေ...မှာတာမမေ့နဲ့နော်။ ငါစိတ်ညစ်နေတယ်..အိမ်ကအရမ်းရစ်တာဘဲ...)
(ဘာလို့လဲ)
(ငါလက်ထပ်တော့မလားလို့တွေးနေတာ...နင်ဘယ်လိုထင်လဲ?။ အိမ်က အဲတာကို သဘောမတူဘူး)
(ဘယ်လို? ဘယ်သူ့ကို ယူမလို့တုန်း? ဘယ်တုန်းက ရီးစားထားတာလဲ?)
(စိုင်းဟန်နဲ့)
(ဘယ်လို)
(စိုင်းဟန်နဲ့လို့)
(ဘယ်လိုဖြစ်ကြတာလဲ...ငါနားမလည်ဘူး...)
(ဒီလိုဘဲ)
(ဘာကိစ္စအရမ်းလောရတာလည်း၊ အချိန်ထပ်ရွေ့လို့မရဘူးလား ငါလာတဲ့အထိလေ။)
(အင်း....စောင့်ပါ့မယ်...လာရင် အေးအေးဆေးဆေးပြောကြရအောင်လေ..မကောင်းဘူးလား)
မွန်းက သက်ပြင်းချသံနှင့်အတူ (အင်း) ဟု တိုးလျစွာ သဘောတူလိုက်သည်။ ဟွမ်က (အဲဆိုရင်လဲ ..ဖုန်းချတော့မယ်...ဒိနေ့ လစာလာထုတ်ရင်း ဖုန်းတပါတည်းဝင်ဆက်လိုက်တာ။ နောက် ၁၀ ရက်ဆို စာမေးပွဲစဖြေပြီမလား၊ စာတွေကော ကြည့်ပြီးပြီလား) ဟု မေးလေသည်။ မွန်းက (အင်း...ပြီးတာနဲ့ ချက်ချင်းပြန်မယ်။ မနက်ပိုင်းပြိးရင် နေ့လည်ပြန်မယ်။ ငါ့ကိုစောင့်နေပါ) ဟု ပြန် ပြောလေသည်။ ဟွမ်က (အဲဆိုလဲ ငါဖုန်းချတော့မယ်။ ဂရုစိုက်)ဟု ပြောပြီးပြီးချင်းပင် ဖုန်းချသွားလေသည်။
ဖုန်းကိုကိုင်ရင်း မွန်းအတွေးထဲနစ်သွားသည်။ ဟွမ်က စိုင်းဟန်နှင့် လက်ထပ်ချင်လက်ထပ်မည်ဟု ပြောသွားသည်။ လွန်ခဲ့တဲ့ (၄လ) မိမိကျောင်းလာမတက်တုန်းက ဟွမ်ဆီက ဒီအကြောင်းကို တခါမှမကြားခဲ့ရပေ။ အခုမှ ဘာအရူးထပြီးလက်ထပ်မယ်လုပ်နေတာပါလိမ့်။ စိုင်းဟန်ဆိုတာက မိမိတို့မြို့က တခါတရံမှသာ မျက်မှန်းတန်းမိသော ရွယ်တူ ကောင်လေးတယောက်ပင်။ သိပ်လည်းမရင်းနှီးခဲ့ကြပေ။
ဟွမ်ဆို ဒီကောင်လေးကို တော်တော်မြောက်ကြွကြွနိုင်တဲ့ ဒေါင့်မကျိုးကောင်လေးတယောက်ဟုပင်မှတ်ချက်ချခဲ့သေးသည်။ အခုက ဘယ်လိုက ဘာတွေဖြစ်ပြီး လက်ထပ်မယ်ပြောတာပါလိမ့်။ ချစ်ကြတာလည်းမြန်လှချည်လား။ ဘာတွေဖြစ်ခဲ့ပါလိမ့်ဟု အတွေးတွေ တတန်းကြီးနှင့် ကျန်ခဲ့တော့သည်။

မွန်းအတွက် ဟွမ်ဆိုတာ ညီအမအရင်းနှင့်မခြား  ခင်မင်ရင်းနှီးသောငယ်သူငယ်ချင်းတစ်ဦး။ ဘာရှိရှိ၊ ဘာဖြစ်ဖြစ် တိုင်ပင်ကြသူတွေ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် ဆန့်ကျင်ဖက်နှစ်ယောက် အတွဲညီညီတွဲခဲ့သူတွေ။ ငယ်ငယ်ကတည်းက မိဘနှင့် အတူမနေ၇သော မွန်းနှင့် မိဘတွေကွဲနေတဲ့ ဟွမ် တို့ဆိုတာ ကိုယ့်ရင်ဘတ်က မကျေနပ်ချက်တွေကို ဟန်ချက်မညီတဲ့ ဒေါသဗုံသံလို သံစုံအောင်တီးတတ်ကြသူတွေဖြစ်သလို၊ နှစ်ယောက်သားတူတူ စည်းဝါးကိုက်ကိုက်လည်း တီးတတ်ကြသေးသူတွေ။ နှစ်ယောက်သားကျောကပ် ရင်ကပ်ပြီး ကိုယ့်အချင်းချင်းကို ကာကွယ်ပေးတတ်သူတွေ။ မွန်းသည် လူကောင်သေးညက်ညက်နှင့် နူးညံ့သိမ်မွေဟန်ရှိသလောက် အင်မတန်ဒေါသကြီးသူ။ ဒေါသထွက်ပါက ဘယ်သူပြောပြော နားမ၀င်တတ်သူ။ ဟွမ်ဆိုတာကလဲ ထိုနည်းလည်းကောင်း။ စိတ်ကြီးတဲ့ နေရာမှာ စံချိန်တင်ရလောက်အောင်ပင်။ ငယ်ငယ်တုန်းက သူမ၇ဲ့မိထွေးတော်ကို မကျေနပ်သဖြင့် ရေချောင်းထဲတွင် နေ့တပိုင်း ရေစိမ်ကာ ဆန္ဒပြခဲ့သူ။ အဲတုန်းက မွန်းက ရေထဲပြေးဆင်းလိုက် ဟွမ်ကို ဆွဲခေါ်လိုက်၊ ဟွမ်ရေထဲပြန်ဆင်းစိမ်လျင် ၀ါးလုံးတံတားပေါ်တွင် ထိုင်စောင့်ကာ ဆန္ဒပြမှုကို တနည်းတဟန်ထောက်ခံပေးသူတည်း။ ဟင်းမချက်တတ်သော မွန်းသည် ဟွမ်ချက်သော ပေါက်ကရဟင်းပေါင်းစပ်ကို မြိန်ရေယှက်ရေစားတတ်သူ၊ မည်းတူးတူး ကြက်ဥကြော်ကို ကြိုက်သူ၊ တခါတလေ ဟင်းအမည်ကို ဘယ်လိုပေးရမှန်းမသိအောင် ဟွမ်ဟင်းချက်နည်းက ထူးဆန်းလှပေသည်။ ဟင်းချက်သူကလဲ မမောမပန်းနိုင်အောင် ချက်နိုင်သူ၊ စားတဲ့လူကလဲ မငြီးမညူစားတတ်သောကြောင့် မွန်းအကိုတွေက အင်မတန်လိုက်ဖက်သော သူငယ်ချင်းအတွဲဟုမှတ်ချက်ပေးကြသည်။

ဟွမ်က စစ်ကိုင်းဗဟိုဖွံဖြိုးရေးကျောင်းဆင်းပြီးလို့ ၇ွာကလေးတစ်ရွာမှာ ကျောင်းဆရာမပြန်လုပ်နေပြီ။ ဟွမ်က စာတော်သူတစ်ယောက်ဖြစ်တော့ ကွဲကွာနေတဲ့ မိဘတွေရဲ့ ထောက်ပံ့မှုက မသေချာ၊ မရေရာမှုတွေရှိခဲ့တာမို့ သူမရဲ့ ကြီးကြီးက ၉၈ ခုနှစ်မှာပင် နယ်စပ်ဒေသဖွံဖြိုးရေးအတွက် ဖွင့်လှစ်ထားပေးတဲ့ စစ်ကိုင်းဗဟိုဖွံဖြိုးရေးကျောင်းသို့ ၀င်ခွင့်အတွက် လျောက်ခိုင်းလေသည်။ မလျောက်ခင် မွန်းကို (လျောက်ရကောင်းမလားမသိဘူး) ဟု မေးဖူးသည်။ ထိုကျောင်းသို့တက်ရန် မွန်းအားပေးခဲ့သည်။ ၉၉ ခုနှစ် စစ်ကိုင်းဗဟိုဖွံဖြိုးရေးကျောင်းသို့တက်ရောက်ရန် သူမ အရွေးခံရသည်။ ပညာရေးမှုးက သူမကို ၀င်ခွင့်အောင်ပြီဖြစ်ကြောင်း ပြောရာ သူမ ၀မ်းသာအားရ နှင့်  မွန်းအား ပထမဆုံးပြောပြလေသည်။ ကိုးတန်း အောင်စာရင်းထွက်ပြီးပြီးချင်း သူမ စစ်ကိုင်းဗဟိုဖွံ့ဖြိုးရေးကျောင်းတက်ရန် သွားရတော့မည့်အချိန်တွင် မွန်းတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တင်းတင်းဆုပ်ပြီးမျက်ရည်တွေနှင့်ကားသို့အရောက် ပို့ပေးခဲ့သည်။ နှုတ်ဆက်စကားတစ်ခွန်း ဟွမ်မဆိုခဲ့သလို မွန်းလည်းမဆိုခဲ့ပေ။ မိမိတို့နှစ်ယောက်သည် ဒီလိုဘဲ ခနခနခွဲကြရသည်။ ခွဲရတိုင်းလည်း မည်သည့်နှုတ်ဆက်စကားကိုမှ မပြောတတ်ကြပေ။ နှစ်ယောက်စလုံးက ဤခွဲခွာမှုသည် ကံကောင်းခြင်းများနှင့်အတူ ပြန်လည်စုံစည်းမှု၏ အစဟုယူဆကြသောကြောင့်ဘယ်သာအခါမှနှုတ်ဆက်ခြင်းကိုမပြုဖြစ်ကြပေ။

မွန်းသည် တွေးလက်စအတွေးများကို ရပ်လိုက်ပြီး ဘီတိုအမည်းလေးကို ဖွင့်လိုက်သည်။ အထဲမှ အနီရောင် အနွေးထည်လေးကို တယုတယထုတ်ပြီး ဖြန့်ချလိုက်ရင်း အကျီလည်ပင်းနားသို့တချက်နမ်းရှိုက်ကြည့်ရင်း မှန်တင်ခုံနားသို့ လျောက်သွားပြီး Follow me ရေမွှေးဘူးလေးကို အကျီဆီသို့ ၃ ချက်ဖြန်းလိုက်လေသည်။ ဤအကျီသည် မိမိအပေါ်ထားရှိသော ဟွမ်ရဲ့ မေတ္တာတရားစစ်မှန်မှုကို သက်သေပြနိုင်သော ပစ္စည်းလေးတခုဖြစ်သည်။ ဤအကျီပိုင်ရှင်ကို ဟွမ်နစ်နစ်ကာကာ ခံစားဖူးသည်ဟု ပြောပြဖူးသည်။ သို့သော် သူမက မွန်းကို ပိုချစ်သောကြောင့် မွန်းကိုေ၇ွးချယ်ခဲ့သည်ဟုလည်း ဤအကျီပိုင်ရှင်လေး မရှိတော့တဲ့ ၂ နှစ်ကြာမှ မွန်းကို တီးတိုးပြောပြခဲ့သည်။ ထိုအချိန်က ဤအကျီပိုင်ရှင်ကိုဆုံးရှုံးရမှုကြောင့် မွန်းသည် ရင်ကွဲမတတ် ယူကြုံးမရဖြစ်နေသောအချိန်၊ မွန်းဖြစ်ပျက်နေတာတွေကို သက်သာလို သက်သာငြား ဟွမ်က ပျော်ရွင်အောင်ရှာကြံဖန်တီးပေးခဲ့သည်။ ယခုတော့  ဟွမ်ရဲ့ဖေးမမှုတွေကြောင့် မွန်းတည်ငြိမ်စပြုပါပြီလေ။

ဒီလိုနဲ့ မွန်းလည်း စာမေးပွဲပြီးလို့ နယ်သူို့ပြန်ေ၇ာက်ပြီ။ ဟွမ်က သူမ ဆရာမသွားလုပ်နေသော ရွာကနေပြန်မရောက်သေးပေ။ ညနေစောင်းရောက်တော့ အိမ်ရှေ့တွင်ကားသံကြား၍ထွက်ကြည့်ရာ ဟွမ်ရဲ့ စိုင်းဟန်က မိမိအား ဟွမ်က မနက်ဖြန် သူနှင့်အတူ ရွာသို့ လိုက်သွားရန်၊ သူမက ပြန်မလာနိုင်သေးကြောင်း ပြောပြသည်။ မနက်ဖြန်တော့ ရွာသို့ လိုက်တာပေါ့ဟု ပြန်ပြောပြီး မိမိမရှိတုန်း ၄ လအတွင်း ဟွမ် ဘာတွေအရူးထနေတာပါလိမ့်ဟု မျက်မှောင်ကုပ်တွေးတောနေမိတာ့သည်။ သူမဆီေ၇ာက်တော့လည်း အေးအေးလူလူ။ သူ့မ၀သိအတိုင်း စားချင်စဖွယ်ဟင်းနှင့် အဆင်သင့်ပင်။ ညရောက်တော့ အောင့်ထားသမျှ သိချင်သောအကြောင်းအရာတွေကို စတင်မေးခွန်းထုတ်လိုက်သည်။
(ဘယ်လိုဖြစ်တာလဲ...ဘာဖြစ်လို့ ချက်ချင်းကြီးလက်ထပ်မှာလဲ)
(ဘာမှမဖြစ်ဘူး...ငါအရွယ်ရောက်ပြီ။ ဒီနေ့မယူရင်လဲ မနက်ဖြန်ယူမှာဘဲ ယောင်္ကျားကို။ စောစောယူတော့ စောစော ဘ၀ထူထောင်တာပေါ့)
(အခုနေတာက ဘ၀တည်ဆောက်တာမဟုတ်ဘူးလား?)
(ငါအိမ်ထောင်ရှိရင် ဒီရွာမှာ ဆိုင်ဖွင့်မယ်။ ငါက ကျောင်းနဲ့တဖက်ဆိုတော့ နင်လည်းကျောင်းပြီးတော့မှာဘဲ အဲတော့ ဆိုင်ကိုဦးစီးပေါ့။ စိုင်းဟန်က သူ့ဘာသာ ကားမောင်းနေတော့ သူ့အလုပ်သူလုပ်မယ်။ ငါအင်မတန်မှ စက်ဆုပ်လာပြီ...လူတွေရဲ့ အနှိမ်တွေ၊အဖဲ့တွေကို။ ငါယောင်္ကျားယူရင် ၂ယောက်သားဘ၀တစ်ခုတည်ဆောက်ကြမယ်။ ဘာဖြစ်ဖြစ် တိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ နင်ဘယ်လိုထင်လဲ)
(နင်ရူးနေလားဟ။ ယောင်္ကျားယူလဲ အခုလို ဘ၀ကိုရ်င်ဆိုင်ကြတာဘဲ။ အခုကမှ လွတ်လွတ်လပ်လပ်နေလို့ရသေး။ ငါတို့ ငယ်သေးတယ်။ဖြေးဖြေးပေါ့။ စိတ်ဓါတ်မကျပါနဲ။ ငါကျောင်းးပြီးရင်နင်နဲ့တူတူလာနေလို့ရပြီ။ နင်ယောင်္ကျားယူရင်သာ ငါလာလို့မ၇တော့မှာ။)
(ငါသေချာသလောက်ရှိနေပြီ။ ဆုံးဖြတ်ချက်က သေချာသလောက်ရှိနေပြီ)
မွန်း သက်ပြင်းကို ခပ်ပြင်းပြင်းချပြီး စောင်ကို ခေါင်းထိဆွဲခြုံကာ သူမကို ကျောခိုင်းပစ်လိုက်သည်။
(အေး..ငါနောက်တခေါက်ပြန်တွေးဦးမယ်) ဟု ပြောပြီး သူမလည်းတိတ်တဆိတ် တွေးနေသည်။


ဒီလိုနဲ့ သင်္ကြန်ပြီးတော့ နောက်ဆက်တွဲတွေက မပြီးနိုင်။ သင်္ကြန်တွင်း စုံတွဲများ ခြေပုန်းခုတ်ကြောင်း သတင်းကြီးက ဟိုးလေးတကျော်။ ထိုစုံတွဲများတွင် ဟွမ်တို့လည်း ကပ်ပါသေးသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် စုံတွဲများ ဆိုင်ကယ်နှင့် နယ်ဝေးသို့သွားရောက်လည်ပတ်ကြောင်း သတင်းကြီးက တောမီးပမာ။ ထိုသင်္ကြန်ကာလတွင် မိမိက တောင်ပေါ်စခန်းရှိ အမေ့တည်းခိုခန်းသို့ သွားစောင့်နေရ၍ ဟွမ်က စိုင်းဟန်နှင့် လိုက်သွားသည်ထင်ပါသည်။ သူမက မွန်းအား သင်္ကြန်တွင် လည်ရန် ပြောထားပြီးသား။ သို့သော် မွန်းအမေက အရေးပေါ် အိမ်ပြန်ရန်ကိစ္စပေါ်လာသောကြောင့် မွန်းလည်းအမေ့အလုပ်တွေကိုဝင်လုပ်ရပေးမည်။ ဟွမ်က သူမသွားမည်ဟုပြောပြီးသားစကားကို လွယ်လွယ်နှင့် မဖျက်တတ်သူလေ။ မွန်းက အခြေအနေကို နားလည်သလို ဟွမ်အခက်ကြုံနေပြီဖြစ်ကြောင်းကိုလည်း ချက်ချင်းသိလိုက်သည်။ မွန်းဆီသို့ လိုက်လာရန် ကားနှင့်စာတစ်စောင်ပါးလိုက်သည်. နောက်တမနက်တွင် သူမ ခေါင်းငိုက်စိုက်ဖြင့် ရောက်ချလာသည်။ အိမ်ကတော်တော်ပြောနေကြောင်း၊အရမ်းစိတ်ပျက်မိကြောင်း သူမတဖွဖွရွက်နေသည်။ သူမကို စိတ်မပျက်ဖို့၊ အချိန်တခုလွန်လျင် မေ့ပျောက်ပြီဖြစ်ကြောင်းဖျောင်းဖျတော့ သူမနှုတ်ဆိတ်နေသည်။

မေလ ၁ ၇က်နေ့ ညပိုင်းတွင် ဟွမ်နှင့်စိုင်းဟန် မွန်းဆီသို့ ရောက်လာကြသည်။ ပျံ့နေသောသတင်းတို့ကြောင့်သူတို့ အရမ်းကိုစိတ်ညစ်နေကြကြောင်း မွန်းကိုပြောကြသည်။ ဟွမ်က မွန်းကို ခနဟု လက်တို့ပြီး အိပ်ခန်းတို့ ခေါ်က
(ငါတို့ ခိုးကြတော့မယ်...နင်ဘယ်လိုထင်လဲ)
(အဲလိုလုပ်လို့မရဘူးဟွမ်...ပြသနာကိုခေါင်းအေးအေးနဲ့ဖြေရှင်းရအောင်။ ငါတို့အချိန်တခုကျော်နိုင်ရင် အကုန်လုံးအေးသွားမယ်။ ဒါတော့ လက်မခံဘူး။ ဒီည ဒီမှာနင်အိပ်ပါ။ စိုင်းဟန်ကိုပြန်လွတ်လိုက်မယ်။)
ဟွမ်ခန ငိုင်ကျသွားပြီး...
(အိုကေပါ...နင်ပြောသလိုဘဲ...မလုပ်တော့ပါဘူး။ ဒါပေမဲ့ အဖွားဆီငါပြန်၇မယ်ဒီည။ ဒီမှာ အိပ်လို့မရဘူး။။မနက်ဖြန်မှ အိပ်တော့မယ်။အဲဆို ငါတို့ပြန်ကြတော့မယ်လေ။ ညနက်နေပြီ။ ၉နာရီခွဲနေပြီနော်)
မွန်း သူမ၇ဲ့မျက်ဝန်းကိုတဲ့တဲ့စိုက်ကြည့်တော့ ဟွမ်က
(စိတ်ချပါ...)
ဟုပြောပြီး ပြန်သွားသည်။

ကမ္ဘာကြီးလုံးရာကနေပြားသွားအောင် ဟွမ်က ဖန်တီးပေပြီ။ နောက်နေ့မနက်တွင်..ကြီးကြီးက မျက်နှာညိုး၂နှင့် ရောက်လာပြီး ဟွမ်ပျောက်နေကြောင်း၊ စိတ်ထင်ရာလုပ်သွားကြောင်း မွန်းကိုပြောသည်။ မွန်းမှာ ကြက်သေသေကာ ဘာပြန်ပြောရမှန်းမသိအောင်ငြိမ်သက်ရပေပြီ။ မိမိအမှားကြောင့်ဟု တစ်ထစ်ချတွက်လိုက်မိပြီ။ မနေ့ညက မိမိပြန်လွတ်လိုက်လို့ ဒီ အခြေအနေဖြစ်သွားကြောင်းကို ကြီးကြီးမပြောပြရက်တော့ပေ။ မွန်းနှင့်ကြီးကြီး ၂နာရီလောက်ထိ စိတ်မကာင်းကြိးစွာ တိတ်တဆိတ်ထိုင်နေမိကြသည်။ ပြန်ခါနီး ကြီးကြီးက သတ္တ၀ါတခု ကံတခုပေါ့ ဟုဘဲ ပြောသည်။ ဒီလိုနှင့် ၂ဘက်အမျိုးတွေက အဆီအငေါ်မတဲ့စွာ၊ အပေးအယူမတဲ့စွာ...မင်္ဂလာပွဲအတွက်ညှိမရအောင်ပင်ဖြစ်ကြလေသည်။ တဘက်က ပညာဂုဏ်၊ တဘက်က ဓနဂုဏ် လွန်ဆွဲပွဲမှာ ဟွမ်ရဲ့အိပ်မက်တွေ ရှင်သန်ခွင့်ရပါဦးမလားလို့တွေးပူနေမိတော့တယ်။

ပြဿနာပေါင်းမြောက်မျာားစွာကြားက ဟွမ်ရဲ့မင်္ဂလာပွဲလေးက မေလ နောက်ဆုံးပါတ်မှာ ကျင်းပခွင့်ရလိုက်တယ်။ မေလနောက်ဆုံးပါတ်မှာဆိုတော့ မိုးလေးတွေက ဖွဲဖွဲလေးကျလို့နေတယ်။ အဓိက ဇာတ်ဆရာ ၂ယောက်မှာ ဟွမ်မိခင်နှင့် စိုင်းဟန်အဒေါ်။ ပညာမာနနဲ့ဓနဂုဏ်လွန်ဆွဲမှုကြားက ပေါ်ပေါက်လာတဲ့ မင်္ဂလာပွဲလေးက အကြိုညနေပိုင်းမှာခြောက်ကပ်ကပ်။ မိမိတို့ ငယ်သူငယ်ချင်းတွေလောက်သာ စကြနောက်ကြနှင့် ပွဲကိုစည်အောင်လုပ်နေကြရသည်။ မင်္ဂလာပွဲမနက်ခင်း ကန်တော့ချိန်တွင်လည်းပြသနာနှင့်ပင်။ စိတ်မချမ်းသာစွာ၊ခြောက်ကပ်စွာ မင်္ဂလာပွဲပြီးသွားပါပြီ။

ဇွန်လ၂ ရက်....ကြီးကြီးက ဟွမ်ရေချိုးခန်းတွင်မူးးလဲ၍ဆေးရုံတင်ထား၇ကြောင်းမွန်းအားလာပြောသွားသည်။ ဆေးရုံသို့ မွန်းရောက်ချိန်တွင် နှာခေါင်းနှင့် ဆီးတွင် ပိုက်တန်းလန်းနှင့်ဖြူရော် ပြာနှမ်းနေသော ဟွမ်။ မြင်ကွင်းကြောင့် ရင်ဝတွင် ဆို့နင့်သွားသည်။ ကုတင်နားသို့ ကပ်သွားပြီး (ဟွမ်) ဟု ငြင်သာတိုးတိတ်စွာခေါ်လိုက်ချိန်မှာ မျက်လုံးဖွင့်ကြည့်သည်။ သားအိမ်ကို ခြစ်ထား၍သွေးကျလွန်ခြင်းကြောင့် အခုလို့ဖြစ်နေတာဟု ဟွမ်ဒေါ်လေးက မွန်းအားတိုးတိုးကပ်ပြောသည်။ ဟွမ်လက် မြောက်တက်လာသည်။ မိမိဆုပ်ယူလိုက်ချိန်မှာ သူမလက်က ချွေးများနှင့် ရေခဲတမျှ အေးစက်နေသည်။ အသက်ကိုခက်ခဲစွာရှုနေသော ဟွမ်ကိုကြည့်ရင်း မွန်းမျက်ရည်ဝဲလာသည်။
(ဟွမ်...အသက်ကို လုမရှုနဲ့...ဖြည်းဖြည်းမှန်မှန်ရှုပါ...စိတ်ကို နာနေတဲ့အနာပေါ်သွားမထားနဲ့။ နှခေါင်းဝက ထိသွားတဲ့ ၀င်လေထွက်လေကို စိတ်မှာမှတ်။ လေကို ဖြေးဖြေးမှန်မှန်ရှုရအောင်) ဟု ငြင်သာစွာ နားနားကပ်ပြောလေသည်။ သူမခေါင်းညိတ်ပြပြီး လေကိုပုံမှန်ဖြစ်အောင်ဖြည်းဖြည်းချင်းရှုသွင်း/ထုတ်နိုင်အောင်ကြိုးစားနေသည်။ တဖြည်းဖြည်းနဲ့ မှောက်နေတဲ့ရင်ဘတ်က ငြိမ်လာသည်။ အသက်ပုံမှန်ပြန်ရှုလာသည်။ ရေသောက်ချင်ကြောင်း ပြောလာသည်။ မွန်းလက်ကို  တင်းတင်းဆုပ်ကိုင်ထားသလို မျက်လုံးဖွင့်ကြည့်ရင်း တခုခုကိုပြောချင်သလိုလုပ်နေသည်။ မွန်းကောင်းငုံ့ချပြီး သူမနှုတ်ခမ်းနားကပ်နားထောင်တော့ စိုင်းဟန်အဒေါ်ကို အခန်းထဲသို့ ပေးမ၀င်ရန်ပြောလေသည်။ မွန်းက သူမကို စိတ်မတိုရန်၊ ဒေါသမထွက်ရန် ညင်သာစွာဆိုတော့ သူမနှုတ်ခမ်းတို့တင်းတင်းစေ့ပြလေသည်။ မကျေနပ်သော အပြုအမူ၏ သင်္ကေတပေတည်း။ မွန်းပြု့းပြီး သူမစိတ်တိုရင် စိတ်ပင်ပန်းမှာစိုးလို့ အေ၇းမပါတဲ့လူတွေအကြောင်းမတွေးဘဲ အသက်ကိုပုံမှန်ရှုနိုင်အောင် အာရုံစိုက်ဖို့ပြောတော့ ကလေးငယ်တစ်ဦးပမာ သူမမျက်လုံးလေးမှိတ်ပြီး နာခံလေသည်။ တနေလုံးအခြေအနေက ပကတိပြန်ကောင်းနေပြီဖြစ်ကြောင်း မနက်ဖြန်မနက်ထိ အခြေအနေကိုစောင်ကြည့်ရမည်ဖြစ်ကြောင်း ဆရာဝန်က ပြောသည်။ ည ၈နာရီလောက်မှာတော့ မွန်းက အိမ်ပြန်ပြီးရေချိုးမည်ဖြစ်ကြောင်း သူမက ဆေးရုံတွင်အိပ်ဖို့ပြောတော့ မွန်းက အိမ်တွင် အဖိုးတယောက်တည်းရှိကြောင်း၊ မနက်ဖြန်မနက်စောစော ပြန်လာမည်ဖြစ်ကြောင်း ပြောတော့ သူမ မျက်ဝန်းတို့သည် ဖျော့ကျသွားသည်။ မျော်လင့်ချက်မဲ့မျက်ဝန်းများ။ ဒိမျက်ဝန်းအကြည့်သည် မွန်းတသက်တာ မမေ့နိုင်အောင် ဖြစ်ရသော အကြည့်။ အင်မတန်အဓိပါယ်ဖော်ရခက်သော အကြည့်။ မွန်းကုတင်နားပြန်ကပ်ပြီး...အခြေအနေအားလုံးကောင်းသွားပြီဖြစ်ကြောင်း၊ မနက်ဖြန် တဘက်ခါ အိမ်ပြန်နိုင်ဖြစ်ကြောင်း ပြောပေမဲ့ သူမက မျက်လုံးမှိတ်ပြီးခေါင်းညိတ်ပြလေသည်။ တံခါးအေ၇ာက် သူမကိုတချက် ပြန်လှည့်ရာ မွန်းကို စိုက်ကြည့်နေသေးသော သူမနှင့်မျက်လုံးချင်းဆုံတော့ မွန်းက အားပေးပြုံးပြလေသည်။ မွန်း စိတ်ထဲမှာ စိတ်မချသလို ခိုးလိုးခုလုဖြစ်နေမိသည်။ တနေကုန်အိမ်မြောင်စုပ်ထိုးသံကလည်း စိတ်ကိုပိုမိုလေးလံစေသည်။ သို့သော် ဆရာဝန်က မနက်ဖြန်လောက်ဆို အကုန်စိတ်ချနိုင်ပြီပြောလို့ စိတ်မချတချနှင့် ဆေးရုံကထွက်လာခဲ့သည်။ ဤညမှ ဟွမ်ရဲ့ အပြုံးနှင့် အကြည့်တို့သည် မွန်းအတွက်ထာဝရ နှုတ်ဆက်သော အပြုံးနှင့်အကြည့်တို့ပေတည်း...

 နောက်တရက် မနက် ၄ နာရီ ခွဲခါနီးတွင် သူမသည် မည်သူတဦးတယောက်ကိုမျှ နှုတ်ဆက်ခြင်းမရှိဘဲ/နှုတ်ဆက်ခွင့်မရဘဲ သူမကိုချစ်သောသူများ၊ မုန်းသောသူများအား အပြီးတိုင်ကျောခိုင်းသွားပြီ။ သူမကို လူနာစောင့်ကြသူများကလည်း ၂  ညမျှမအိပ်ခဲ့ရသောကြောင့် ငိုက်သူက ငိုက်၊ ထိုင်မှေးနေသူကမှေး၊ ချစ်လှစွာသော ယောက်ျားက သူမကို အိမ်ပြန်သယ်ရန် ကားပြန်ယူချိန် တွင် သူမ ထာဝရအိပ်မောကျသွားလေပြီ။ အောက်စိဂျင်ဘူးမြည်သံကြောင့် ငိုက်နေသောကြီးကြီးက လန့်နိုးလာပြီး သူမနဖူးကို သွားစမ်းချိန်တွင် သူမ အသက်ရှုမနေတော့ကြောင်း သတိပြုမိပြီး ဆရာဝန်ပြေးခေါ်ခိုင်းသည်။ ဆရာဝန်ရောက်လာပြီး လက်ကောက်ဝတ်စမ်း၊ မျက်လွှာလှန်ကြည့်ပြီး သက်ပြင်းချကာ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ဆုံးသွားကြောင်း စိတ်မကောင်းဟန်ဖြင့်ပြောပြလေသည်။ ဆရာဝန်ကြီးက (သတ္တ၀ါတခု ကံတခုပေါ့ဗျာ)ဟုပြောပြီး အောက်စီဂျင်ဘူးနှင့် ပိုက်များကို ဖြုတ်လိုက်သည်။ သူမ နှုတ်မဆက်ဘဲ ခွဲသွားပြန်ပြီ။ ဒိတစ်ခါ ခွဲခွာခြင်းသည် ကံကောင်းခြင်းများနှင့် ပြန်ဆုံရန်အစ မဟုတ်တော့ပေ။

မင်္ဂလာဆောင်ပြီး ၇ ရက်အကြာ သတို့သမီးအသစ်စက်စက်လေး၏ အသုဘအခမ်းအနားသည် အနှစ် ၂၀ အတွင်းမြို့၏ အစည်ကားဆုံး အသုဘအဖြစ်မှတ်တမ်းတင်ခဲ့ပေသည်။  ထာဝရအိပ်စက်လှဲလျောင်းနေသော သူမက မင်္ဂလာဆောင်စဉ်ကနှင့် ဆန့်ကျင်စွာ မျက်နှာကပြုံးနေသည်။ မင်္ဂလာဆောင်တုန်းက မှုတ်ထားသောရောင်စုံဘောလုံးလေးတွေချိတ်ထားတာပင် မဖြုတ်ရသေးသော သူမ၏ မိခင်အိမ်သည် ဤတစ်ကြိမ်တွင်တော့ လူတွေပြည့်သိပ်ကာဝမ်းနဲကြေကွဲမှုများနဲ့ တိတ်ဆိတ်စွာ သံဃာတော်များ၏တရားကို အာဃာတကင်းကင်းနှင့် အတူတကွ နားကြားနေကြပေသည်။

မွန်းရင်ထဲက ပွင့်ဖူးနေသော ခရေပန်းလေး၏ရနံ့တို့သည် မည်သည့်အခါမျှပယ်ဖျောက်လိမ့်မည်မဟုတ်ပေ။
                                                                          @@@@@

05 August 2012

လွမ်းမောဖွယ်ရာ ..မန္တလာက ညစာထမင်းဝိုင်း

အိမ်ပြန်မယ်ဆိုတော့  နှစ်တွေအတော်ကြာအောင် မဆုံဖြစ်တဲ့ သူငယ်ချင်းတွေကို ဆုံနိုင်ဖို့ စဉ်းစားခဲ့တယ်။ ဒီလိုနဲ့ ဘယ်သူက ဘယ်မှာရောက်နေတယ်ဆိုတဲ့ အကြောင်းလေးသိရဖို့ လောလောလတ်လတ်မြေပြန့်မှာ အခြေချနေတဲ့ ငယ်ရင်းလေးနီလာကို ဖုန်းဆက်မေးရတယ်။ သူကလဲ တချို့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရနေသလို တချို့ကတော့ ဘယ်ရောက်နေမှန်းတောင် မသိ။ ဒီလိုနဲ့ သူ့ကို အားလုံးနဲ့ ပြန်ချိတ်ဆက်ထားဖို့ လောဆော်ရတော့တာပေါ့။

 နီလာနဲ့ ကတော့ အမြဲမဟုတ်ရင်တောင် အဆက်အသွယ်မပျက်အောင် တစ်ယောက်ဘယ်ရောက်နေသည်၊ ဘယ်မှာနေသည်ကိုတော့ ကြုံရင်ကြုံသလို လှမ်းဆက်သွယ်ထားလို့ ခြေရာတွေကောက်နိုင်သေးတာ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိမိရှိရာအရောက်လာလည်သွားလို့ သူ့မအား ဘယ်နေရာရောက်ရောက် ခြေရာလေးချန်ခဲ့ဖို့ အထူးမှာကြားခဲ့လို့ ကျေးဇူးရှင်နှင့် အဆက်အသွယ်ရနေတာ။ ပြီးခဲ့တဲ့ မေလ ပထမပတ်က သူမ အိမ်ထောင်ပြုမည့်အကြောင်းဖုန်းနှင့်လှမ်းပြောလိုက်လို့သာ မန်းလေးတွင် သူမရှိနေကြောင်းအတပ်သိနေခဲ့တာ။ သူမသည် ရတနာပုံတက္ကသိုယ်တွင် ကျောင်းတက်နေရင်း မန်းလေးသားနှင့် ဖူးစာဆုံခဲ့ရသည်ထင်။ အခုတော့ သူမလည်းအိမ်ထောင်ပြုသွားပြီ။ သူမ၇ဲ့အမျိုးသားက မန်းလေး-ရန်ကုန် သွားသွားလာလာလုပ်နေသောကြောင့် သူမကလည်း ၇န်ကုန်တလှည့် မန်းလေးတစ်လှည့် သွားသွားလာလာ လုပ်နေရသည်ဟု ပြောသည်။ သူမကိုဖုန်းဆက်ပြီး မိမိပြန်ရန်အစီအစဉ်ကို အချိန်ဇယားဆွဲခဲ့သည်။ မိမိ ရန်ကုန်သို့ မနက်ပိုင်းလေယာဉ်ဖြင့်ရောက်မည့် အကြောင်းကို ဖုန်းဆက်ထားသောကြောင့် သူမက ရန်ကုန်တွင် လာကြိုမည်ဟုပြောသည်။ ။ ကဲ... အားလုံးအဆင်ပြေတာပေါ့လေ။

ဒီလိုနဲ့ လေဆိပ်မှာ စောင့်နေတဲ့  တချိန်က အလှပကေးငယ်ရင်းလေးကို ကျန်းမာဝဖြိုး အလှတိုးနေတာကိုတွ့ခဲ့ရသည်။ သူမတို့ရဲ့ တိုက်ခန်းဆီသို့အရောက်မှာတော့ ၁၀ အရွယ်  မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာအလှပကေးကလေးမလေးတစ်ယောက်က လက်ထဲက အထုပ်တွေကို တရင်းတနှီးလာဆွဲကူတယ်။  " ရတယ် ကလေး..ပစ္စည်းလေးတယ်" ဆိုလဲ သူမကတော့ အတင်းဆွဲယူသွားတယ်။  " ကျေးဇူး...ကလေး" လို့ ပြောလိုက်မိတယ်။ ကိုယ့်အသိမှာ ဒီလောက်ကလေးလေးမရှိဘူးလို့ တွေးရင်း၊ ဒီကလေးက ကိုယ့်ကိုလဲ မစိမ်းဘူး၊ တော်တော်ရင်နှီးတဲ့ပုံပဲလို့ တွေးရင်း သူတို့နေတဲ့ ၅ ထပ်က အခန်းကိုရောက်လာတယ်။ အခန်းရှေ့အရောက်..".ရာက်လာကြပြီ" ဆိုတဲ့ အသံနဲ့အတူ...တံခါးပေါက်မှာ ပေါ်လာတဲ့ ၀၀ဖိုင့်ဖိုင့် အမျိုးသမီးတယောက်ကို မြင်လိုက်ရတယ်။ နေပူကနေလာတာဆိုတော့ တိုက်ပေါ်အရောက် မျက်စိအမြင်က သိပ်မကြည်ဘူးဆိုတော့ ရုတ်တရက် မြင်ရတဲ့ အမျိုးသမီးရဲ့ မျက်နှာကို သဲသဲကွဲကွဲ မမြင်နိုင်။ သူမက တံခါးပေါက်ကနေ ဘေးဖယ်ရပ်ရင်း ကလေးမလေးကို ၀င်ဖို့ပြောရင်း၊ ကလေးနောက်က ကိုယ့်ကို လည်ဂုတ်ကနေဆွဲဖက်ပြီး  "..အမလေး..ဘယ်လိုဖြစ်ပြီး လူက ဒီလောက်ဘဲ ကျန်ရတာလဲ၊ အရမ်းအလုပ်လုပ်လို့လား..အဆင်ပြေလား "စသည့် လားပေါင်းများစွာဖြင့် တရစပ်မေးကာ ကိုယ့်ကိုခပ်တင်းတင်းကြီးဆွဲဖက်ပြီး ငိုတော့သည်။ ကိုယ်လဲ တော်တော်ပင် အူကြောင်ကြောင်ဖြစ်သွားသည်။ အဲနောက် သူမက ကနော့မျက်နှာကို တည့်တည့်ကြည့်ရင်း " နင်လာမယ်ဆိုလို့ သမီးကို ဆေးလာကုရင်း ငါတို့ ဒီမှာလာစောင့်နေတာ" ဟု ငိုသံဖြင့် ပလုံးပထွေးပြောလေသည်။ အခုမှပင် သူမမျက်နှာကို ကနော်ကောင်းကောင်းမြင်ရပါတော့။
ဇာခြည်... ၁၂ နှစ်နိးပါးကွဲကွာနေခဲ့ကြတာ။ ကနော့်သူ့ကို စေ့စေ့ကြည့်ရင်းမှ "ဟိုင်းလုံ "ဟု ၀မ်းသာအားရနှင့် အိအိဖိုင့်ဖိုင့်ကိုယ်လုံးအား ပြန်ဖက်ထားမိသည်။ ငယ်ငယ်က "ကိုယ့်ကိုတစ်ချက်လုပ်လျင် နှစ်ချက်ပြန်တီး" ဟု သင်ခဲ့သူ၊ ' ကျောင်းရဲ့ နတ်မိမယ် တဖြစ်လည်း ခပ်စွာစွာ" ဟု ဂုဏ်သတင်းကြီးသူ ကနော့ရဲ့ ချစ်လှစွာသော ဇာခြည်။
နီလာက" ကဲ ....ထိုင်ကြဦး နင်တို့ ၂ယောက်လဲ ၀မ်းသားလုံးဆို့ပြီး တောက်တဲ့လို ကပ်မနေနဲ့" ဟု ရီသံနှင့်ပြောမှ ၂ယောက်သားရယ်ကာ..."လအူ "ဟု ပြိုင်တူ ညာသံပေးလိုက်သည်။

ဇာခြည်က ရေခွက်ချပေးရင်း " ငါ့သမီးက အဆုတ်ရေ၀င်တာ။ မန်းလေးမှာ ဆေးလာကုရင်း နီလာနဲ့ ဆုံကြတာ" တဲ့။ ဇာခြည်ကတော့ သူမအမျိုးသားနှင့်အတူ လွိုင်လင်တွင်အခြေချနေကြောင်းပြောသည်။ သမီးလေးကို လက်ဆွဲပြီးမိမိဘေးမှာ ထိုင်ခိုင်းတော့ သူမလေးက ညင်ညင်သာသာပင် ပါလာသည်။ "ဟိုကောင် သူ့အမေနဲ့တော့ ကွာပါ့" ဟု  တပြိုင်တည်း တွေးလိုက်သည်။ နှုတ်ကနေလဲ" ကွာပါ့" ဟု တဆက်တည်း အရင်းမရှိအဖျားမရှိ ပြောချတာကို ဇာခြည်နဲ့ နီလာကလဲ တပြိုင်တည်း " ဟုတ်ပါ့ " ဟု ပြန်ပြောသည်။ သုံးယောက်သား တယောက်မျက်နှာ တယောက်ကြည့်ပြိး ရယ်မိကြသည်။
ကလေးမလေးက တော်တော့်ကို လှသလို မျက်နှာကလည်း ရွင်ရွင်လေးနှင့်ပင်။ မိမိတို့ ပြောသမျကို မျက်လုံးဝိုင်းဝိုင်းလေး ပေကလပ်ပေကလပ်နှင့်နားထောင်နေပုံက အင်မတန်မှ ချစ်စရာကောင်းလှသည်။

"ဘယ်သူနဲ့ ရန်ကုန်မှာ ဆုံဖို့ရှိသေးလဲ" မေးတော့  ထားဝယ်ကနေ လာမည်ဟု ရွေအိုး တဖြစ်လဲ မောင်ကျော်ဆန်းမင်း ရန်ကုန်ကို မနက်ဖြန်ရောက်မယ်လို့ ပြောထားကြောင်း နီလာက ပြောသည်။ ရွေအိုး ဆိုသည်မှာ ကနော့တို့ရဲ့ ဂျိုကာ။ ဘယ်သူနှင့်တွဲတွဲ၊ ဘယ်သူနှင့် နေနေ အတွဲညီအောင် ပေါင်းနိုင်သူ။ ဘောလုံးစူပါစတား။ ကျနော ဒေါသထွက်လျင် ဘေးကနေ ရွေပြည်အေးတရားနှင့် နားချတတ်သူ။ စိတ်တိုတိုနှင့် ဟောက်လျင်တောင် အပြုံးမပျက်ဘဲ တရားကို မနားတမ်းဟောပေးခဲ့သူ။ သူသည် ၁၀ တန်းအောင်ပြီး သူအမျိုးများရှိရာ ထားဝယ်သို့ သွားရောက်နေထိုင်ရာ ထားဝယ်သူနှင့်အိမ်ထောင်ကျကာ အခုတော့ မုန့်ဖုတ်လုပ်ငန်းနှင့် ၎င်းဒေသတွင်ပင် အခြေချနေထိုင်သည်ဟု နီလာက သူမသိထားသည်များ ပြန်ဖောက်သည်ချလေသည်။

နောက်တနေ့မနက်အစောပိုင်းတွင် ဘုရားသွားရန် စီစဉ်နေတုန်း အပြင်ဘက်မှ
"အိမ်ရှင်တို့...ဗျို့....အိမ်ရှင်တို့ ဧည့်သည်ရောက်နေတယ် တံခါးလာဖွင့် " ဟု အသံကြား၍ ထို သားအမိ တူဝရီးတွေ ပြင်ဆင်နေတုန်း ကနောကလဲ တံခါးသွားဖွင့်ကြည့်သည်။ တံခါးပေါက်မှ အရပ်မနိမ့်မမြင့် အသားညိုညို၊ ကွမ်းဝါးထားသော လူတစ်ယောက် ပြုံးစိစိ နှင့်ရပ်နေသည်။ အဲလူရွယ်ကို ကနော်သေသေချာချာ ကြည့်နေသလို သူကလဲ မည်းနေသောသွားများဖြဲပြလေသည်။ အဲမှ "ဟဲ့...ပိစိ...ငါ့ကို အခန်းထဲပေးဝင်ဦးလေ။ ဒီလိုဘဲ ရပ်နေခိုင်းမှာလား ဧည့်သည်ကို " ဟု ပြောမှ ကနောတို့ရဲ့ ဂျိုကာကြီး ကို မှတ်မိတော့သည်။ ကနော်က "အမလေး...ရောက်လာပြီ "ဟု တံခါးဖွင့်ပေးပြီး ထို ၂ယောက်ကိုလဲ လှမ်းအော်၊ သူ့ရဲ့ လွယ်အိပ်ကို လှမ်းဆွဲယူလိုက်သည်။ အခန်းထဲရောက်တော့ ဂျိုကာက..".ပိစိတို့က အကျင့်ကိုမပြောင်းဘူး၊ အခွင့်မရှိ ခွေးတောင် နယ်မြေဖြတ်သန်းခွင့်မပြုတဲ့ သူ" ဟု ရယ်ကာပြောလေသည်။

၇န်ကုန်တွင် ၃ရက်သာ နေခဲ့ပြီး အားလုံး မန်းလေးသို့ တက်လာခဲ့သည်။ မန်းလေးရောက်တော့ နီလာက "အားလုံးကို ခေါ်ထားတယ်၊ တော်ကြာနေ ရောက်လာကြလိမ့်မယ်" ဟုပြောသည်။  မန်းလေးတွင် ကျောင်းတက်ခဲ့သော ကနော့ငယ်ရင်းတွေ မန်လေးကို မခွဲနိုင်မခွာရက်နှင့် မန္တလာတွင်ပင် အခြေချကြကုန်သည်။ ပြင်ဦးလွင်တွင် အလုပ်လုပ်နေသော ပန်းသီး လို့ ခေါ်တဲ့ အိုက်စိုင်း၊ ပြင်ဦးလွင်သူနှင့် အိမ်ထောင်ကျကာ ထိုဒေသတွင်ပင် အခြေချသည်။ ရှမ်းတယောလို့ခေါ်တဲ့ ပန်းချီမြင့်လွင်ကလည်း ပြင်ဦးလွင်မှ ဖက်ဆက်ကုမ္ဘဏီတခုတွင် အလုပ်တူတူလုပ်သူ မိုင်းပန်သူလေးနှင့် အိမ်ထောင်ကျကာ ထိုဒေသတွင်ပင်ကျက်စားနေသေးသည်။ အုန်းမုတ်ခွက်ခေါ် နွေဦးလှိုင်ကတော့ ရတနာပုံတက္ကသိုယ်တွင်ပင် ဆရာမပြန်လုပ်နေသည်ဟု နီလာပြောဖူး၍ မိမိသိခဲ့ရသည်။ သူမနှင့် ၂၀၀၅ တွင် နောက်ဆုံးတွေ့ခဲ့သည်။ နောက်ပိုင်း မဆုံဖြစ်ကြတော့ချေ။ နီလာ့ အမျိုးသားက ညစာထမင်းဝိုင်းကို ဖွယ်ဖွယ်ရာရာပြင်ထားသလို ရောက်လာကြမဲ့ ကနော်တို့ရဲ့ ငယ်ပေါင်းတွေကိုဆီကိုလည်း သူတို့အိမ်နေရာကို ဖုန်းနှင့်လှမ်းပြောပြနေသည်။  နီလာ့အမျိုးသားကို လွန်ခဲ့သော ၂ နှစ်ခန့်က  ကနော်ဘိုင်ပြတ်၍ သူပိုက်ဆံလာပို့ပေးဖူးသောကြောင့် ဆုံဖူးကြသည်။ အခုတော့လဲ သူက မိမိတို့သူငယ်ချင်းတွေနှင့် တသားတည်းခင်မင်ရင်းနှီးနေပြီ။
ပထမဆုံးခြံထဲကို ၀င်လာသော ဆိုင်ကယ်ပေါ်မှ အရက်ရှည်ရှည်၊ ပိန်ညောင်ညောင် နှင့် ကနော့် သူငယ်ချင်းကြီး ပန်းချီမြင့်လွင် နှင့် သူဇနီး ပေါင်းဟွမ် ကိုဝမ်းသာအားရပြေးကြိုရင်း နောက်မှ ၀င်လာသော ဆိုင်ကယ်ဟွန်းသံကြောင့်လှည့်ကြည့်ကြရာ...ဂျက်ကင်အနီရောင်၊ ဆံကေတလက်လက်နှင့် ကနော့်ရဲ့ ငယ်ရင်းကြီး ကျော်သထေး၊ နောက်ကတစ်စီးက...လှိုင်းတွန့်ဆံကေသာနှင့် လှပနေသောကျုတာဆရာမလေး နွေဦးလှိုင်၊ နောက်ဆုံးဆိုင်ကယ်မှ အရပ်မြင့်မြင့် ၊၀၀ဖိုင့်ဖိုင့်နှင့်ကလေးချီထားသော ပန်းသီးနှင့် သူ့ဇနီး မကျော့.....အားလုံးတို့သည်...အပြောင်းအလဲကြီးများဖြစ်နေကြပြီ။ မပြောင်းလဲသေးတာက ရင်ကလာသော ခင်မင်ရင်နှီးမှုများ။
ဤညစာထမင်းဝိုင်းမှာ ကနော့ဘ၀ရဲ့ အမှတ်ရစရာ .ဘယ်တော့မှ မမေ့နိုင်တဲ့ ညစာထမင်းဝိုင်းတစ်ခုပင်ဖြစ်ပါတော့သည်။

28 June 2012

နင်အမောပြေ ဖတ်ဖို့


နင်ခရီးက ပြန်လာရင်ဖတ်ဖို့ အမောခံပြီး သူများနားသွားကော်ပီ ပြီး ဆားဖြူးနှမ်းသပ်ထားတာ....

တကယ်လို့ တစ်နေ့နေ့မှာ......
ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊
စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့.....

တကယ်လို့ တစ်နေ့နေ့မှာ.....
ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊
နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းမချခင် ချစ်စရာစကားလေးပြောပါဆိုပြီး ပူဆာတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမနေပါနဲ့...

တကယ်လို့ တစ်နေ့နေ့မှာ....
နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ?အွန်လိုင်းပယ်ချိန်တက်လာမလဲဆိုပြီး သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ အွန်လိုင်းလာမတက်ရင်၊ ငါ့ကိုအကြာကြီးပစ်ထားရင် နင့်ကိုငါ ပယ်တော့မှ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊
နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမနေပါနဲ့...

တကယ်လို့ တစ်နေ့နေ့မှာ.....
နင့်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါဂျီကျခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။
ငါ့ရဲ့ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။
ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။

တကယ်လို့ တစ်နေ့နေ့မှာ....
နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူသိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။
ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။
ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။
နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။
နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။
ခံစားချက်ကမ္ဘာထဲမှာ "မျှတ"တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။
နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ.....

တကယ်လို့ တစ်နေ့နေ့မှာ....
နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။
နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။
ဒါတွေက ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်းငါသိတယ်။
လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ခဲ့ပါတယ်......

တကယ်လို့ တစ်နေ့နေ့မှာ
ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲ မသိခဲ့ဘူး!
နင်ကတော့ နင်ပါပဲ... ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား!
နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား! နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။
နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။
နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။
အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်....

ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။
ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ထားပါတယ်။
ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့ဘူး။ နင့်ကို သံယောဇဉ်တွေအထပ်ထပ်နွယ်၊  နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကိုတစ်ယောက်ထဲလွမ်းတဲ့သူပဲ ဖြစ်ခဲ့တာ။ ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ နဲနဲပါးပါးခံစားသွားမယ်.... အဲဒီနောက်တော့ နင့်ကိုငါ ခွဲထွက်သွားတယ်။

မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်......

Copy from NN..

သူ

မြူတွေနဲ့အုံ့စိုင်းပြီး ညို့မှိုင်းနေတဲ့ တောင်ကြီးရဲ့ မိုးရာသီက အိပ်ရာထဲကနေ မထချင်လောက်အောင် အေးစိမ့်နိုင်လွန်းသည်။ စနေနေ့မို့ ကျူရှင်ချိန်လဲ နေ့လည် ၂ နာရီမှ တက်ရမည်။  အိပ်ရာထဲ သူငယ်ချင်း၂ ယောက် ကျောချင်းကပ်ပြီး အတွေးကိုယ်စီနှင့် ငြိမ်နေကြသည်။ တောင်ကြီးတွင် နီလာနှင့် ကျမက ၁၀တန်းစာကြိုတင်ပြင်ဆင်ရန်အတွက် နွေရာသီ ကျုရှင်တက်နေကြခြင်းဖြစ်သည်။ အိပ်နေရင်းမှ ဒီနေ့ စနေဆိုတော့ ဆက်သွယ်ရေးရုံးသို့ သွားရမည်ကိုသတိရမိသည်။ မေလ နောက်ဆုံးပါတ်တွင် သူ တောင်ကြီးလာမည်ဟု ပြောခဲ့သည်။ လာဖို့ သေချာ မသေချာ မေးရန်အတွက် ဒီနေ့အာတီခေါ်ကြည့်ရမည်။ ဒီတခါ သူတောင်ကြီးပြန်လာလျင် ခေါ်လည်မည်ဟု မိမိအား ပြောထားသေးသည်။ ကတိပျက်လို့ကတော့ ကျောကို ဗုံလို တီးမည်ဟု ကျမ ကြိမ်းခဲ့သေးသည်။ သူက ကတိတည်သည်။ သို့သော်လာမည့်ရက်  သေချာမှုအတွက် အာတီခေါ်ရမည်။ ကျမတို့ နယ်ဒေသတွင် ဖုန်းမရှိ၍ ဆက်သွယ်ရေးအတွက် ဖုန်းအစား အာတီနှင့် ကြေးနန်းသာ အဓိကဖြစ်သည်။   ။။

သူဆိုသည်မှာ အဘယ်သူနည်း?ဘာကြောင့် ကျမ ဒီလောက် ရင်းရင်းနှီးနှီးစကားဆိုရသနည်း?
သူနှင့် ကျမသည် ၂ တန်းကတည်းက ပေါင်းလာခဲ့သော သူ၊  ကျမဘ၀ရဲ့ အချိန်အတော်များများကို သူနှင့်အတူ ဖြတ်သန်းခဲ့သည်။ ဒီနှစ် ကျမ ၉တန်းအောင်ပြီးလို့ ၁၀ တန်းစာကို ကြိုတင်ပြင်ဆင်ထားရန် နွေရာသီ ကျုရှင်တက်ပေမဲ့ သူကတော့ ကျောင်းဖွင့်လျင် ကျောင်းစရိတ်နှင့်ဘော်ဒါဆောင်စရိတ်ကို ကိုယ်တိုင်ရှာနေရသည်။ နွေကျောင်းပိတ်ရက်များတွင် သူသည် ကားစပါယ်ယာအလုပ်၊ လက်သမားအလုပ် စသည်ဖြင့် ကြုံရာ လုပ်ပြီးပိုက်ဆံစုခဲ့သည်။ သူဒီလို အလုပ်လုပ်နေ၇တာ ၂ နှစ်ရှိခဲ့ပါပြီ။ မိမိတို့ ၇ တန်းအောင်ပြီး သူ့မိဘက စီးပွားအဆင်မပြေဖြစ်ခဲ့သည်။ တောင်ကြီးတွင်သာ ကျောင်းတက်ချင်သော သူ့က နယ်တွင် ကြုံရာအလုပ်လုပ်ပြီး ကျောင်းတက်ဖို့ ပိုက်ဆံကျစ်ကျစ်ပါအောင်စုသည်။ အနည်းငယ်လိုအပ်သော ကျောင်းစရိတ်ကို သူ့အဖွားက ကျောင်းမုန့်ဖို့အဖြစ်ပေးသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက်သား။ အမ ၁ ယောက်နှင့် ညီလေး ၂ ယောက်ရှိသည်။ သူ့မိဘက သူ့အမနှင့် ညီငယ် ၂ယောက်အတွက် ကျောင်းစရိတ်ကို မနည်းကြိုးစားထောက်ပံ့နေရသည်။ သူ့က သားကြီးဖြစ်လို့ သူ့မိဘ ဆီက မတောင်းချင်ဟုပြောသည်။ ကျောင်းစရိတ်ကို ကိုယ့်ဘာသာရှာမည်ဟုပြောသည်။ ပြီးခဲ့တဲ့ ကိုးတန်းနှစ်က ကျောင်းကို တစ်လကျော် နောက်ကျမှ တက်ခဲ့ရလေသည်။ ကျောင်းအုပ်ကြီးကို အလျောက်ကောင်းလို့သာ ကျောင်းဆက်တက်ခွင့်ရခဲ့သည်။ ဒီနှစ်က ၁၀ တန်း ဆိုတော့ မိမိတို့အတွက် ပိုအရေးကြီးသည်။ မေလမကုန်ခင် တောင်ကြီးအရောက်လာရန် မောအောင်ပင် သူ့ကို အကြိမ်အကြိမ် မှာခဲ့ရသေးသည်။ ကြေးနန်းရုံးသို့ နီလာနှင့် ၂ ယောက်လာခဲ့သည်။ ကြေးနန်းရုံးတွင် အာတီခေါ်ရန် တန်းစီစောင့်ရသေးသည်။ ကျမတို့မြို့နယ်က ကြေးနန်းရုံးကို  သူ့အားသွားခေါ်ပေးရန်ချိန်းရသေးသည်။ ကြေးနန်းရုံးတွင် ၁ နာရီ ခွဲလောက် ငုတ်တုတ်ထိုင်အချိန်ဖြုန်းကြပြီးမှ သူနှင့် စကားပြောရတော့သည်။ ၉၀ ခုနှစ်များဆီက ဆက်သွယ်ရေးဒုက္ခကြီးပင်။ သူ မေလ မကုန်ခင် တောင်ကြီးလာမည်ဟု ကတိပေးပြီးပြီ။ သူလာတော့မည်ဟု အတိအကျ သိ၇တော့  စိတ်ထဲပျော်ရွင် ပေါ့ပါး သွားပါပြီ။ ကျမဘေးတွင် ငယ်ပေါင်းရောင်းရင်းတွေ အများကြီးပါ။ ဒါပေမဲ့ သူ့ကို ခင်တွယ်သော၊သံယောဇဉ်ကြီးသော ကျမက သူ့အလာကို စောင့်ရသည်မှာ တော်တော်မောပါ၏။ နီလာဆိုတာကလည်း သူငယ်တန်း ကတည်းက ပေါင်းလာသူ။ ငယ်ရင်းကြီးပင်။ သူမကတော့ နွေရာသီ ကျူရှင်ပြီးတာနှင့် ကျမတို့ နယ်တွင် ကျောင်းပြန်တက်မည်ဖြစ်သည်။ နီလာမပြန်ခင် သူ့ကို အရောက်လာစေချင်သည်။ နီလာက သူမ မပြန်ခင် သူငယ်ချင်းတွေနှင့် အေးသာယာဖြစ်ဖြစ်၊ ပင်းတယ ဖြစ်ဖြစ် သွားလည်ချင်သည်။ သူရောက်လာရင်တော့ ဆန္ဒတခု ပြည့်ပြီ။

သူနှင့်ကျမသည် ဒုတိယတန်းကတည်းက ဘော်ဒါဆောင်တူတူနေခဲ့ကြသည်။ မိဘများက တစ်နှစ်မှ တခါသာ ကျမတို့ကို လာလည်သည်။ ကျမ မှတ်မိသလောက် ကျမ ၄ တန်းကတည်းက ကျမမိဘများသည် တစ်နှစ်တခါတောင် ကျမဆီကို မရောက်ဖြစ်တော့ချေ။ လူကြုံနှင့်သာ ပိုက်ဆံပါးလိုက် ၊ မုန့်ပါးလိုက် လုပ်ကြတော့သည်။ တော်တော်ပင် အလုပ်ရှုပ်ကြသည်ထင်။ ကျမတို့၏ အဓိက အုပ်ထိန်းသူသည် အဆောင်မှုး ဆရာမကြီး ဖြအငစ်သော်လည်း ၊ အရေးပေါ် အုပ်ထိန်းသူသည် မိမိတို့ အချင်းချင်းသာ။ လပါတ်စာမေးပွဲ ရီပို့ကဒ်တွင် ဘာသာရပ် ရမှတ်နဲပါကအုပ်ထိန်းသူနေရာတွင် လက်မှတ်ထိုးရန် မိမိတို့ အချင်းချင်းသာ အုပ်ထိန်းသူလုပ်ကြတော့သည်။ မနက်ပိုင်း ဘောလုံးကန်သွားရ၍ ကျောင်းတက်ချိန် နောက်ကျတတ်သော သူ့အတွက် လက်မှတ်ထိုးပေးရန် အုပ်ထိန်းသူသည်ကျမသာဖြစ်သည်။

သူသည် အတွေးများနှင့် ငြိမ်သက်တိတ်ဆိတ်တတ်သောသူဖြစ်သည်။ စာအုပ်များနှင့် ဂိမ်းသည် သူ၏ ဒုတိယ အဖော်များဖြစ်ကြသည်။ သူ့တွင် သူ့မိသားစုအတွက် ရည်မှန်းချက်ကြီးကြီးမားမားတွေရှိသည်။ သူ့အနာဂတ်အတွက် စီမံကိန်းတွေရှိသည်။ သူသည် အင်ဂျင်နီယာကြီးတဦးဖြစ်ချင်သည်။ ကျမကို တက္ကသိုလ်ဆရာမ ဖြစ်စေချင်သူပါ။ မိမိတို့ စိတ်ချမ်းသာမှုသာ အဓိက ဖြစ်ပြီး ငွေကြေးနှင့် ဂုဏ်ပကာသနသည် ဘ၀အတွက် အရေးကြီးဆုံး မဟုတ်ကြောင်း ပြောတတ်သူ။ အေးအေးချမ်းချမ်း ဘ၀မျိုးနှင့် နေထိုင်သွားရန် သူအမြဲပြောခဲ့ဖူးသည်။ မိသားစုရဲ့ စီးပွါးရေးအတက်အကျကြောင့်သူသည်အရွယ်နှင့်မမျှ ကြံ့ခိုင်တည်ငြိမ်ရင့်ကျက်သူ တစ်ဦးဖြစ်လာသည်။ သူသည် ကျမထက် ၁ နှစ်နှင့် ၃ လ အသက်ကြီးသော်လည်း သူ့နာမည်ကိုသာ ခေါ်သည်။ ကျမသည် သူ့ကို တခါတလေ ဂျီကျဂျစ်တိုက်တတ်ပြီး ပေကတ်ကတ်လုပ်တတ်သော်လည်း ကလန်ကဆန်လုပ်လေ့မရှိပါ။

သူသည် စိတ်ရှည်သူမဟုတ်သော်လည်း အမြဲတမ်းမာကျောကျွတ်ဆတ်နေသူတော့မဟုတ်ပေ။ မရင်းနှီးသော သူများက သူ၏ မှုန်တေတေ မျက်နှာထားကြောင့် ခေါ်ပြောရန်တွန့်ကြသည်။ သူသည် လွယ်လွယ်နှင့် ခင်မင်မှုပြုတတ်သူမဟုတ်လင့်ကစား သူတပါးအား ဖော်ဖော်ရွေရွေတော့ ဆက်ဆံတတ်ပါသည်။ တင်းတင်းစေ့ထားသောနှုတ်ခမ်း၊ ရှေ့တူရူကိုသာ ကြည့်တတ်သော မျက၀န်းနက်တစ်စုံ ကြောင့်သာ ဂျစ်ကန်ကန်ရုပ်ပေါက်တာ။ ပါးချိုင့်လေးတွေနှင့်  ပြုံးရယ်လိုက်လျင်  ပီပိကလေးငယ်ရုပ်။   ။။

ကျမတို့နှစ်ယောက်သည် အကြိုက်လည်းမတူ၊ စရိုက်လည်းလုံးလုံးမတူကြပါ။  ထိုဖူးနွေးမကြိုက်သောသူနှင့် လက်ဖက်ရည် မကြိုက်သော ကျမ  မနက်စာ မုန့်ဆိုင်သွားဖို့အရေး အမြဲပင် ငြင်းခုံကြရသည်။ ထိုဖူးနွေးနှင့် ရှမ်းခေါက်ဆွဲကို ဘယ်ဘ၀က ရေစက်မှန်းမသိ သူတော်တော်မုန်းပါသည်။ မနက်စာအတွက် သူစားတတ်တာဆို ဟင်းထုပ်၊ ဖက်ထုပ်၊ ဆီချက်ခေါက်ဆွဲတမျိုးမျိုး နှင့် လက်ဖက်ရည်သာ။ ကျမက လက်ဖက်ရည်ဆို အနံ့တောင်မခံနိုင်ပေ။ ငယ်ငယ်က ခနခန ဖျား၍ ဆေးမသောက်ခင်  လက်ဖက်ရည် ၊အိုဗာဒင်း စသည်ဖြင့် သောက်ခဲ့ရသည်။  ဆေးသောက်၍ ပြန်အန်ချလျင် ၎င်းအနံ့ပါ ပါလာသည်။ ထို့ကြောင့် လက်ဖက်ရည်၊ အိုဗာဒင်း၊ ဆန်ပြုတ်တို့ကို ကျမ တော်တော် မုန်းခဲ့ပါသည်။

သူသည်ဆေးသောက်ရန် အင်မတန်လွယ်ကူသူဖြစ်သည်။ ဆေးလုံး ဘယ်လောက်ကြီးကြိး မျိုချနိုင်သည်။ ဆေးထိုးခြင်းကိုတော့ သေအောင်ကြောက်သောသူဖြစ်သည်။ ကျမသည် ဆေးသောက်တာကို မကြိုက်ပေမဲ့ ဆေးထိုးတာကိုတော့ မကြောက်ပေ။ သူ ၈တန်းရောက်တော့ ကျောင်းဘောလုံးပွဲလည်းပြီး သူလည်းအပြင်းအထန်ဖျားသည်။ မေ့မျောလုနီးပါး ကိုယ်ပူ၍ဆေးခန်းသို့အရောက်တွင် သူနာပြုကေ၇ပါတ်တိုက်ပေးပြီး ဆေးထိုးရန် ပြင်သည်။ သူသတိရတချက် မ၇တချက်တွင်ပင် ဆေးမထိုးချင်ကြောင်းပလုံးပထွေးအော်သေးသည်။ ၊ သူနာပြုဆရာမလေးနှင့် ကျမ အပါအ၀င် ၃ ယောက်သားသူ့ကိုဝိုင်းချုပ်၍ ဆေးထိုး၇န် ပြင်ကြသည်။ ကျမက ဘေးကနေ၍ ဆေးထိုးတာ မနာကြောင်း၊ ခနလေးနှင့် အဖျားသက်သာကြောင်း တတွတ်တွတ်ပြောပေမဲ့ သူခေါင်းခါပြသည်။ သူလဲရုန်း ဆရာမလေးကလဲ တင်ပါးတွင် အပ်စိုက်၇န် အလျင်အမြန်လုပ်နှင့် ကျမတို့ ရှုပ်ယှက်ခတ်နေကြသည်။ တင်ပါးကို အပ်စိုက်ချလိုက်ချိန်တွင် သူငြိမ်ကျသွားသည်။ သူကြောက်လွန်း၍ မေ့များသွားပြီးလားဟုငုံ့အကြည့်တွင် မျက်တောင်စင်း၍ ငြိမ်နေသည်ကိုတွေ့ရတော့ မမေ့သေးကြောင်း ကျမကို သူမျက်တောင်လှန်ကြည့်သည်။ ကျမပြုံးမိသည်ထင်။ သူ့နှုတ်ခမ်းဒေါင့် ကွေးတက်သွားတာကိုတွေ့လိုက်ရသည်။ သို့သော် ကျမ၏ အကြည့် သူ့တင်ပါးအရောက် အပ်ကြီးပြန်ထုတ်ချိန် အပ်ဖျားတွင် ပါလာသည့်အရာက ကျမပင် မေ့လဲသွားချင်အောင်ဖြစ်မိတော့သည်။ လက်မလောက်ရှိသော အသားတုံး။ သူ့တင်ပါးတွင်သွေးစီးကျလာသည်ကိုမြင်တော့ ကျမ ဒူးတွေချောင်လာသည်။ မျက်ရည်တွေလဲ ဘယ်ကရောက်လာမှန်းမသိ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ဆရာဝန်အပြေးဝင်လာပြီး ကိုယ်အရမ်းပူ၍ ဆေးထိုးလျင် ဒီလိုဖြစ်တတ်ကြောင်းပြောပြီး အနာဆေးထဲ့၇န် ပတ်တီးစီးရန် ကိုယ်တိုင်ညွန်ကြားလုပ်ဆောင်ပေးတော့သည်။ နာတဲ့သူကငြိမ်နေပေမဲ့ ကျမက ငိုနေတာကို မရပ်နိုင်။ တင်ပါးမှာ ဆေးထဲ့တော့ သူ့တွန့်ခနဲ တွန့်ခနဲ ဖြစ်သွားတာကိုကြည့်ပြီး ကျမပင်အတော်နာကျင်နေပြီ။ ဆေးခန်းတွင် တစ်ည အိပ်လိုက်ရသေးသည်။  ကျမ၏ကောင်းမှုကြောင့် သူ့တင်ပါးအသားအလှုခံလိုက်ရသည်ဟု တခါတလေ ကျမကို  နောက်တတ်သေးသည်။

ကျမတို့ ၂ယောက်ကို မောင်နှမဟု ထင်ကြသည်။ အဆောင်က လူသစ်တွေပင် မောင်နှမဟု ထင်ကြသည်။ မျက်နှာလည်း ခပ်ဆင်ဆင်တွေပင်။ ကျမ ၆ တန်းမှာ အပြင်းအထန်ဖျားချိန်တွင် သူသည် ဆေးခန်းနှင့်အဆောင် ကူးချီသန်းချီပင်။ ထိုအချိန်က ကျမအတွက် သူသာ အမိ ၊ အဖ လုပ်ခဲ့သည်။ ဆေးခန်းပို့ချိန်၊ ဆေးတိုက်ချိန်တွင်လည်း သူပင်။ ဆေးသောက်ရမည်ကို သေမလောက်ကြောက်တတ်သော ကျမကို သူ ဆေးတိုက်ချိန်တွင် အသူရာ နှင့် သိကြားမင်းစစ်ခင်းကြသဖွယ်။ အမျိုးမျိုးချော့တချီ..ခြောက်တလီ ဆိုပေမင့် သူသာမောသွားသည်။ ဆေးက မသောက်ရသေး။ အဆောင်မှုးလဲ ကျမ၏ ဆေးမသောက်ချင်သော ပေကတ်ကတ် အကျင့်ကိုသိ၍ ဝေးဝေးမှာသာ အခြေအနေကြည့်နေသည်။ ပါရာစီတမောကို ၄ ပိုင်းပြီး တပိုင်းစီသောက်ဖို့ လုပ်ပေးလဲ အလုပ်မဖြစ်ပေ။ နောက်ဆုံး အဆောင်က သူငယ်ချင်းများနှင့် ကျမကို ၀ိုင်းချုပ်၍ ဆေးကို ပါးစပ်ထဲအတင်းထဲ့ပေးပြီး နခေါင်းပိတ်မှသာ ဆေးတိုက်ခြင်းအလုပ် ပြီးမြောက်ပါတော့သည်။ တခါတလေ ပြန်အန်ထုတ်တတ်သေးသည်။ သူဆေးအတင်းတိုက်ချိန်များတွင် သူ့ကို ကိုက်တတ်၊ ကုတ်တတ်သေးသော လူဆိုးပါပင်။ သူစိတ်အညစ်ဆုံးအချိန်ကိုပြပါဆိုလျင် ကျမနေမကောင်းသောအချိန်များဟု ပြောတတ်သည်။ တကယ်လည်း ဟုတ်မည်ပင်။  ။။

သူသည် အမေကိုချစ်သော သားတစ်ဦလည်းဖြစ်သည်။  သူ့အမေကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့်အတွေ့အကြုံတွေက သူ့အတွက် လက်တွေ့သင်ခန်းစာများဟု ပြောသည်။ ကျမမှတ်မိသလောက် သူသည် ငယ်ငယ်ကတည်းကပင် မိန်းကလေးများနှင့်ပက်သက်သော အပြောအဆို၊ ဝေဖန်မှုများကို မပြုခဲ့ဖူးပေ။ ကူညီစရာရှိက ကူညီတတ်သည်။ မှတ်မှတ်ရရ ကျမတို့ ၆ တန်း တုန်းက အဖြစ်အပျက်လေးတခုကို သွားသတိရမိသည်။ ၂ ယောက်သား ကျူရှင်ကအပြန် ၈ တန်းကျောင်းသူ အမကြီးတယောက်နှင့် ဆုံတော့ သူမအိမ်ပြန်ရန်မိုးအတော်ချုပ်နေပြီဖြစ်သည်။ သူမအိမ်က လာမကြိုသေးဟုဆိုသည်။ ၂ယောက်သား လမ်းလျောက်၍ သွားပို့ပေးလိုက်ရသည်။ သူမအိမ်မှာ အတော်ပင်ဝေးပါ၏။ ရေအေးကွင်းမှ ဘုရားဖြူထိ လမ်းလျောက်ကြသည်။ နဲသော ခရီးမဟုတ်ပေ။ သူမအိမ်ရောက်တော့ သူမအဖွားက သူမအဖေ အောင်ပန်းက ပြန်မလာသေးဟုဆိုသည်။ ကျမက အပြန်တွင် တက္ကဆိငှားစီးမည်ဟု ပူဆာပေမဲ့ ငှားစရာ ကားက မရှိပေ။ အဆောင်ကို ၈ နာရီခွဲမှ ရောက်ကြသည်။  ။။

သူသည် ငယ်ငယ်ကတည်းကပင် အားကစားကိုဝါသနာသန်သည်။  ကျောင်းဘောလုံးအသင်းတွင် ၄ တန်းကတည်းက ကျောင်းလက်ရွေးစင်ဘောလုံးအသင်းတွင် စတင်ရွေးချယ်ခံရသည်။ ထိုအချိန်မှစ၍ သူသည် မနက်စောစောအချိန်တွင် သူ့ပြိုင်ဘီးလေးဖြင့် ကျောင်းဘောလုံးကွင်းသို့သွားလေ့ကျင့်သည်။ စာမေးပွဲချိန်မှလွဲ၍ အဆောင်ကလည်းခွင့်ပြုသည်။ စနေ၊တနင်္ဂနွေရက် ဖြစ်ပါက ကျမကိုပါ မနက်စောစော ထပြေးရန် မရအရ ခေါ်တတ်သည်။ စောစောထရမည့် အလုပ်မှန်သမျှ ကျမကလည်း မလုပ်ချင်သူ၊ ၀ါသနာမပါသူပင်။။ ဘယ်လောက် အရေးကြီးသော ကိစ္စဖြစ်စေ၊ စာမေးပွဲပင်ဖြစ်စေ   ၆ နာရီမှသာ ထတတ်သောသူ ကျမပင်။ ဘောလုံးကွင်းတွင် သူအဖော်မရှိသောအချိန်များကိုသာ ထလိုက်ပေးခဲ့သည်။ မုန့်ထုပ်များနှင့် ကွင်းဘေးတွင် ထိုင်ငိုက်နေတတ်သေးသည်။ နောက်ပိုင်း တဖြေးဖြေးနှင့်ကျင့်သားရလာပြီး မနက်စောစော ဘောလုံးကွင်းသို့ အမြဲလိုက်ဖြစ်ခြဲ့သည်။ အဆောင်က သူငယ်ချင်းများလည်း ကျမတို့နှင့်အတူ လိုက်ပြေးကြသည်။ တခါတလေ ဘောလုံးကွင်းတွင် ကျမတို့ အုပ်စုနှင့်သာ ဆူညံပွတ်လောရိုက်နေသည်။

သူသည် စားပွဲတင်တင်းနစ် နှင့် ကြက်တောင်ကို အထူးကျွမ်းကျင်သော အားကစားသမားလည်းဖြစ်သည်။ သူ့၏ကောင်းမှုကြောင့် ကျမသည် စားပွဲတင် တင်းနစ်ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်လာခဲ့သည်။ ကျမတို့၏ အားလပ်ချိန်အတော်များများကို ကျောင်းအားကစားခန်းမတွင်သာ ဖြုန်းတီးတတ်သည်။ ပင်းပေါင်ရိုက်ရင်း နွေရာသီမှ အလုပ်အတွေ့အကြုံများကို သူစိတ်လိုလက်ရပြောပြတတ်သည်။ ဤသည်ပင် ကျမအတွက် သူ့ဘ၀တိုက်ပွဲသင်ခန်းစာများကို အသစ်အဆန်းသဖွယ် ကြားဖူးနားဝရှိခဲ့သည်။ သူသည် ကျောင်းပြီးလျင် ဘာလုပ်ကြမည် ၊ ဘာလုပ်ရမည် စသည်ဖြင့်ပြောတတ်သေးသည်။ တက်ကြွသောဟန်ပန်နှင့် ပြတ်သားသော မျက်ဝန်းနက်တစုံသည် တိကျသေချာသော အနာဂတ်အတွက်ဟု ကျမယုံကြည်သည်။ ကျမပိုင်ဆိုင်ဖူးသော အနာဂတ်အိမ်မက်တခုပေါ့။

နှစ်သစ်ကူးချိန်ရောက်တိုင်း...တစ်အိမ်ဝင်တစ်အိမ်ထွက် ဂစ်တာတီး သီချင်းဆိုရင်း နှစ်သစ်ကူး၇န်ပုံငွေအတွက် (တူဂ်းဂ၀ူး)အဖွဲ့နှင့် မိုးလင်းပေါက်လိုက်သွားကြသေးသည်။ နှစ်ယောက်သား ပွဲပြီးမှသာအိမ်ပြန်ကြသည်။ အိမ်က ကျမတို့ နှစ်ယောက်အား ပွဲစောင့်နတ်ဟု ဆိုကြလေသည်။ တခါတလေ စိတ်မထင်လျင် မထင်သလို သီချင်းကောင်းကောင်းဆိုနေရင်းမှ ပေါက်ကရထအော်တတ်သေးသည့် ကျမတို့နှစ်ယောက်ကို အိမ်ကဆူညံမှုဖြင့် အော်ကြသည်။ ထိုကဲ့သို့သော အချိန်များသည် ဘာနဲ့မှလဲလှယ်၍ ပြန်မရနိုင်တော့ပေ။

မြို့ဘတ်ကားစီးပြီးလည်ရတာကို အင်မတန်သဘောကျတတ်သော ကျမနှင့် သူလိုက်ရသောအချိန်များတွင် မှုန်ကုပ်ကုပ်မျက်နှာကြီးကို ကျမ အင်မတန်သဘောကျပါ၏။ မြို့ဘတ်ကား၊ လိုင်းကားစီးရလျင် သူလမ်းလျောက်ဖို့ ပြောတတ်သည်။ လမ်းလျောက်လျင် ဘေးဘီဝဲယာကိုမကြည့်ပဲ ရောက်လိုရာ၊ သွားလိုရာ ရှေ့တူရှုကိုသာ ကြည့်ပြီး သွားတတ်သည်။ ကျမက ဟိုနားဝင်ချင်၊ ဒီနားကြည့်ချင် ဆိုပါက သူ့မှာ စိတ်မရှည်ချင်ပေ။ ကျမကလည်း ကြည့်ချင်တာကို ကြည့်ရမှ ကျေနပ်တတ်သူပီပီ သူ့ကို မရ ရအောင်အတင်းဆွဲခေါ်တတ်သည်။ တခါတုန်းက ရေခဲမှုန့်စားချင်သည်ဟု ပူဆာသောအခါနှစ်ယောက်သား ရေခဲမှုန့်ဆိုင်သို့ သွားကြသည်။ ကျမက ရေခဲမှုန့် ၂ ခု နှင့် ၀ါဂွမ်းမှုန့်(သကြားနှင့်လုပ်ထားသော)မှာလိုက်သည်။ ရေခဲမှုန့်တစ်ခုကို သူ့အားလက်ကမ်းပေးပြီး ဂွမ်းမုန့်ကို လျာနှင့် တို့စားနေရင်း သူ့အားလှမ်းကြည့်လိုက်ချိန်တွင် ကျမခွက်ထိုးခွက်လှန်ရယ်ချလိုက်သည်။ သူက ဘာရယ်တာလဲဟု အူကြောင်ကြောင်မေးသောအခါ ပြန်မဖြေနိုင်သေးပဲ သူ့ကိုကြည့်ပြီး အူလှိုက်သဲလှိုက် ရယ်နေမိသည်။ သူသည် ခွက်ထဲက အငွေ့ထနေသော ရေခဲမှုန့်ကို မစားသေးပဲ တဖူးဖူးနှင့် မှုတ်နေသည်။ နောက်မှ သူသဘောပေါက်ကာ ရှက်ရယ်ရယ်ပြီး နှုတ်က " ငါမေ့လို့။ အငွေ့ထနေတာကို ပူတယ်လို့ စိတ်ထဲက ထင်လို့ မှုတ်နေမိတာ" ဟု ခပ်တိုးတိုးပြောလေသည်။ ကောင်တာက လူတွေလည်း ရယ်ကြလေသည်။ သူသည် တခါတလေ ထိုကဲ့သို့ အတွေးလွန်တတ်သူပင်။ ထိုကဲ့သို့ အချိန်များကို ကျမပြန်လည်ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။

၂၀၀၀ ခုနှစ် ၊ဇွန်လ ပထမပါတ်သာ ကုန်သွားသည် သူတောင်ကြီးသို့ မရောက်လာသေးပေ။  နီလာလည်း နယ်သို့ ပြန်သွားပြီ။ အဆောင်မ၀င်ချင်သေး၍ အိမ်တွင် တယောက်တည်းနေနေမိသည်။ အခုတလော ကျမ အိပ်မက်တွေ မကောင်းပါ။ လူလဲ ခြောက်ခြာက်ချားချားကြီး ခံစားနေရသလိုပင်။ နယ်သို့ ကြေးနန်းရိုက်ပေမဲ့ အကြောင်းပြန်မလာပေ။ အိမ်ကို ကြေးနန်းရိုက်ပေမဲ့ အကြောင်းမထူးပါချေ။ ကျမ၏ မိဘများ ခရီးထွက်နေခြင်းဖြစ်ပေမည်ဟု စိတ်ထဲထင်မိသည်။ ဇွန်လ ၁၆ ရက် မနက်တွင် ကျမဆီသို့ သူ့အမေ ရောက်လာသည်။ ကျမကို မြင်သည်နှင့် ဖက်၍ချုံးပွဲချ ငိုချလိုက်သော ကြီးကြီးရီကြောင့် ဘာဖြစ်သည်ကို မသိပေမဲ့ စိတ်ထဲမှာ မကောင်းတော့ပြီ။ ကြီးရီ ငိုနေရင်း တော်တော်နှင့်စကားမပြောနိုင်ပေ။ နောက်မှ တလုံးချင်း "သမီးသူငယ်ချင်း မရှိတော့ဘူး" ဟု ပြောချလေသည်။ ကျမ ကြားရတာ မယုံနိုင်ပါ။ ကြောင်ပြီး ကြီးရီကို ကြည့်နေသေးသည်။ ကြီးရီက "သမီး သူငယ်ချင်းလေ မရှိတော့ဘူး၊ ကားမှောက်ရင်းဆုံးပြီ" ဟု နောက်တကြိမ် ကျမ ပခုံးကို ခါပြိး ပြောပြန်သည်။ တဒင်္ဂတွင် အသက်တောင်ရှုဖို့ မေ့သွာသည်။ ကိုယ့်ဘာသာကိုယ်လဲဘာဖြစ်မှန်းတောင် မသိတော့ချေ။ ရင်ထဲမှာ လှိုက်တက်လာသော အလုံးကြီးကြောင့် လည်ချောင်းတွေ ပူစပ်စပ်ဖြစ်လာသည်။ စကားတလုံးမှ ထွက်မလာနိုင်ပေ။ မျက်လုံးတွေ ပူစပ်လာပေမဲ့ မျက်ရည် ကျမလာခဲ့ပေ။ ကျမ မငိုခဲ့ပေ။ ကျမထိုင်ချလိုက်သလို ကြိးရီလဲ ထိုင်ချရင်းငိုနေသည်။ သူက ကျောင်းတက်ရက်အမီ လာမည်ဟု ပြောခဲ့သည်ပဲလေ။ သူ ရောက်အောင်လာမည်ပေါ့ဟု စိတ်ထဲ တွေးနေသည်။ သူ  ဆုံးပြီဆိုတာ မဟုတ်နိုင်။သူလာမှာပါ။   သူလာမှာ....သေချာတယ်......

ထိုအချိန်က မငိုမိခဲ့သော၊ ငိုဖို့မေ့ခဲ့သော ကျမသည် နှစ်များစွာကြာသည်အထိ သူ့ကိုလွမ်းရင်း အသံတိတ်ငိုကြွေးခဲ့သည်။ ဘာကြောင့် သူတယောက်တည်းကို အပြီးခေါ်သွားပြီး ကျမကို တယောက်တည်း ချန်ခဲ့တာပါလိမ့်ဟု ဒေါသဖြစ်ဖူးသည်။ လောကကြီးမတရားပုံကို ကျမ နာကြည်းမိပါသည်။ ကျမသည် ဆယ်စုနှစ်တခုနီးပါး ဘ၀အနိမ့်အမြင့်လှိုင်းတွေကြားမှာ အထီးကျန်စွာ ဖြတ်သန်းလာခဲ့သည်။ ဘ၀၏ပျော်ရွင်ခြင်းတို့ သူနှင့်အတူ ပါသွားခဲ့သည့်အလား အရယ်အပြုံးတို့ ဆိတ်သုဉ်းသွားခဲ့သည်။ စာအုပ်ဗီဒိုထဲက မှိုပင်စွဲနေသော ပိုင်ရှင်မဲ့ ပင်းပေါင်ပက်တံတစ်စုံ၊၊ ပိုးကိုက်ပြီး အနားစုတ်နေပြီဖြစ်တဲ့ ဂစ်တာတစ်လုံး၊ ပြိုင်ဘီးးအစိမ်းရောင်လေးတစ်စီး၊ အနီရောင်ဆွယ်တာတစ်ထည် နှင့် နှစ်သစ်ကူးပွဲတို့ကို ကျမကျောခိုင်းထွက်လာခဲ့တာ ၄ နှစ်ကျော်ခဲ့ပြီ။ အတိတ်ရဲ့ နာကျင်ကြေကွဲစရာတွေက  ထာဝရက်ဆောင်တွေပေါ့လေ.....

ကျမနဲ့ အတူ....ဇွန်လရဲ့ မိုးငွေ့တွေရယ်...အလွမ်းတွေရယ်...အထီးကျန်လမ်းပေါ်...

06 June 2012

သူ့မှာတမ်း

သူကပြောတယ်...

"နင်လေ...လူကိုတွေ့တိုင်း ဂျီမကျနဲ့
ပြင်ပဧရိယာရောက်နေတဲ့ ဖုန်းလိုင်းနဲ့
တ၀ီဝီလည်ပြနေတဲ့ အင်တာမနက်လိုင်းတွေကြောင့်
ငါလေ စိတ်မောတယ်...စိတ်ပင်ပန်းတယ်...

နင်လေ...ဒေါသကို နဲနဲလျော့ပါ
ငါလေ အချိန်ကို မလေးစားတာ မဟုတ်ပါ
ငါေ၇ာက်နေတဲ့ နေ၇ာက ကမ္ဘ့ာအပြင်ဘက်နဲ့မခြား
ရေ၊ မီး မရှားပေမဲ့ အကန့်အသတ်နဲ့မို့
ငါ့ကို တစ်စိတ်နားလည်ပေးပါ...

နင်လေ...လူကိုတွေ့တိုင်း စိတ်မကောက်ပါနဲ့
ငါလေတစ်ယောက်ထဲငုတ်တုတ်ထိုင်ရင်း...
အလဟသကုန်သွားတဲ့ အချိန်တွေကို နှမောလွန်းလို့ပါ...

နင်လေ....စိတ်ဆိုးနေရင်
နင့် အနားကနေ ငါ့ကို နှင်မထုတ်ပါနဲ့
မခေါ်မပြောဘဲ ပစ်မထားပါနဲ့
ငါလေ တစ်ယောက်ထဲ ယောင်ချာချာနဲ့ ကြေကွဲရလို့ပါ

နင်လေ...လူကိုတွေ့တိုင်း ဂျစ်ကန်ကန် မလုပ်နဲ့
ငါ့ကိုနဲနဲပါးပါး လေးလေးစားစားဆက်ဆံပါ...
တလောကလုံး၇ဲ့ သူရဲကောင်းမဖြစ်ချင်နေပါ
နင့်၇ဲ့သူရဲကောင်းတော့ ငါ့ကို ဖြစ်ခွင့်ပေးပါ...

နင်လေ..သတ္တိရှိရှိနဲ့ စိမ်းကားမပြပါနဲ
အနေဝေးလို့လဲ သွေးအေးမပြပါနဲ့
နင်စိမ်ပြေနပြေနဲ့ ထိုင်ပြီးပြဿနာရှာတဲ့
ငါ့ရဲ့ပူလောင်ပြာယာခတ်မှုတွေကို ငဲ့ညာပေးလှည့်ပါ

နင်လေ...အလှမက်ပြီး စတန့်မထွင်ပါနဲ့
လှတာကို ငါမမက်ပါဘူး...
စိတ်လှတာကိုဘဲ မြတ်နိုးတန်ဖိုးထားတာပါ
ငါ နင့်ကို ဘယ်လောက်ချစ်ချစ်
နင်အသားနာတာကို ခွဲဝေခံစားပေးလို့မရဘူး
အဲတော့ နင် အေးအေးဆေးဆေးနေပါ
စတန့်ထွင်တာ ဒီတခါ နောက်ဆုံးအကြိမ်ပဲ ဖြစ်စေချင်တယ်
အရူးမထပါနဲ့ "...တဲ့


သူ့မှာတမ်းထဲက တချို့တ၀က်...


 



23 May 2012

ချစ်ခြင်းတစ်စုံ

ချစ်သူနားလည်ဖို့...
ကျမတို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဆန်းကြယ်သတာလား
အချစ်ဆိုတဲအရာကဘဲ ကျမရင်ထဲကို တိတ်တဆိတ်လေးဝင်လာခဲ့တာလား….
သေချာတာကတော့ ကျမ သူ့ကို အရမ်းချစ်နေမိပြီဆိုတာပါ။

 ကျမလို ဘယ်ယောင်္ကျားလေးကိုမှ အထင်မကြီးတတ်သလို မိန်းမလဲ သိပ်မဆန်တတ်တဲ့သူက ချစ်သူရှိနေပြီဆိုတော့ 
သူငယ်ချင်းတွေက အံ့သြလို့ပေါ့။ အကြောင်းသိနေတဲ့ ဆွေမျိုးမောင်နှမတွေ၊ သူငယ်ချင်းတွေက ကျမကို နင်ချစ်တဲ့လူလဲရှိလာမယ် မထင်ပါဘူး။ နင့်ဆိုးတဲ့ဒဏ်ကို ခံနိုင်တဲ့သူလဲ ရှိလာမယ်မထင်ပါဘူးလို့ အမျိုးမျိုးထင်ကြေးပေးကြပါတယ်။ 

သူတို့ ပြောမယ်ဆိုလဲ ပြောစရာဘဲလေ။ ကျမဟာ ဘယ်ပန်းက ဘယ်လိုလှတယ်၊ ဘယ်ပန်းက ဘယ်လိုရနံ့ရှိတယ်ဆိုတာလဲ သိပါဘူး။ ဘယ်ဖက်ရှင်ကို ဘယ်လိုဆင်ရမယ်ဆိုတာလဲ စိတ်မ၀င်စားပါဘူး။ ကျမရဲ့ မှန်တင်ခုံမှာ ရှိနေတဲ့ ပစ္စည်းကလဲ ကလေးမြင်ရင်တောင် ယူဆော့ချင်စရာ တစ်ခုမှ မရှိပြန်ဘူး။  Nivea ဗူးဖြူလေးတွေတစ်စုံ၊ ကျေက်ပျဉ်နဲ့ သနပ်ခါးတုံး လောက်ဘဲတင်ထားတဲ့ မှန်တင်ခုံကလည်း ဟန်မရှိ ပန်မရှိ ခြောက်ကပ်ကပ်။

အင်မတန်ခေါင်းမာသော၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သော ဂျစ်ကန်ကန် မှုန်ကုပ်ကုပ် ဘုကလန့် နှင့်ကျမကို အင်မတန်ပေါင်းရ သင်းရ ခက်လှပါတယ်လို့ ပတ်ဝန်းကျင်က ပြောကြတယ်။ နင့်ကိုချစ်တဲ့သူက တော်တော်ကို စိတ်ရှည် သီးခံနိုင်တဲ့ လူဖြစ်မှပါ၊ နို့မဟုတ်ရင် နင့်နဲ့ ကြာကြာ အဆင်မပြေနိုင်ဘူးလို့ သူတို့တွေ ပြောတတ်ကြသေးတယ်။

ကျမရဲ့ အင်မတန်ဇီဇာကြောင်တတ်တာ၊ စိတ်ဆတ်တာ၊ ၊ စိတ်မြန်လက်မြန်လုပ်တာ၊ တဇွတ်ထိုး တဇောက်ကန်းနိုင်တာ၊ ဒေါသကြီးတာ၊ ကိုယ့်ဖြစ်ချင်တာပဲတွေးတတ်ပြီတဘက်သားကို ထဲ့မစဉ်းစားတတ်တာ စတဲ့ အချက်တွေက ကျမဟာ ဘယ်သူ့ကိုချစ်နိုင်မှာလဲ၊ ဘယ်သူ့ကို ချစ်တတ်မှာလဲလို့ သူငယ်ချင်းတွေပြောနေတတ်ကြတဲ့စကားတချို့ ပါ။

ဒါတွေကလဲ ကျမက အချစ်ဆိုတဲ့နူးညံ့မှုတွေနဲ့ ထိတွေ့ မှု   မရှိခဲ့လို့ ဖြစ်မှာပါ။ ဒါကြောင့် ကျမဆီမှာ မိန်းမဆန်တဲ့ နူးညံ့ပျော့ပျောင်းမှုတွေ ပျောက်ဆုံးနေတာ နေမှာပေါ့။

အခုဆိုရင် ကျမ တစ်ယောက်ထဲ အတွေးတွေနဲ့ ပြုံးတတ်နေပြီ။ သူတို့ သိရင်များ အံ့သြကြမလား၊ ရယ်ကြမလားပဲလေ။

သေချာပါတယ် ကျမသူ့ကို အရမ်းချစ်နေပြီဆိုတာ။ ကျမရဲ့ ဂျစ်ကန်ကန် အပြုအမူတွေ၊ ဘုကလန့် အပြောအဆိုတွေ၊ တုံးတိငုံးတိ စကားတွေ၊ ပြောချင်ရာပြောတတ်တာတွေကို သူက အပြုံးနဲ့ နားထောင်နေတတ်တယ်။ ဒေါနဲ့ မာန်နဲ့ ပြောသမျှအကြောင်းတွေကို မငြီးမငြူနားထောင်ပြီး ကျမကို အကျိုးအကြောင်းကျကျ ချော့မော့ဖျောင်းဖျတတ်တဲ့လူရယ်လေ။

သူ ရင့်ကျက်မှုတွေက ကျမကိုတဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲသွားနေတာ။ သူ့ရဲ့ သီးခံနိုင်တဲ့စိတ်ကလေးက ကျမကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အရည်အချင်းတွေ ပါတယ်ဆိုတာကို ကျမခံစားမိတယ်။ 

သူတစ်ပါးပြောတာကို တော်တော်နဲ့လက်မခံတတ်တဲ့ ကျမက သူပြောသမျှကိုငြိမ်ပြီး နားထောင်နေတတ်ပြီ။ အင်မတန် ခေါင်းမာတဲ့၊ လက်ပေါက်ကပ်တဲ့သူမျိုးထဲမှာ ကျမက ထိပ်ဆုံးစာရင်းမှာရှိနေသူတစ်ယောက် နားဝင်ချိုအောင်မပြောတတ်ပေမဲ့ သူ့ ရဲ့ စကားပြောဟန်လေးတွေက ကျမကို ချည်နှောင်နိုင်တယ်။

အချစ်ဟာ လူတယောက်ကိုကောင်းကောင်း ပြုပြင်ပြောင်းလဲနိုင်ပါတယ်ဆိုတာ လက်ခံလာသလိုတော့ ရှိသား။ အချစ်ဆိုတဲ့ အရာဟာ အလွန်တရာမှဆန်းကြယ်တယ်ဆိုတာကျမ၀န်ခံရတော့မယ်။

သူ့ ကို ကျမ အေးချမ်းသောမေတ္တာတ၇ားနဲ့ချစ်သွားမိပြီ။  ဆုံဆည်းခွင့်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူကျမကို မချစ်တော့ရင်ဖြစ်စေ ကျမရဲ့ ချစ်ခြင်းတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။  နီးခြင်း ဝေးခြင်းနဲ့ အချိန်ကာလတွေဟာ ကျမတို့နှစ်ယောက်ရဲ့ အချစ်နဲ့ မဆိုင်ပါဘူး။ အချစ်ဆိုတာ အချိန်တွေကြာလာရင် ဟောင်းနွမ်းသွားတတ်တယ်ဆိုတာ ကျမလက်မခံပါဘူး။ အချိန်တွေကြာလာလေလေ ကျမတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတွေက ပိုမိုသစ်လွင်လန်းဆန်းလာလေလေပဲလေ။

အချစ်ဆိုတာ ဖြူစင်ပြီသားပါ။ လူတွေရဲ့ အတ္တတွေ မာန်မာနတွကြောင့် အချစ်မှာ ပူလောင်မှုတွေ၊ နာကျည်းကြေကွဲစရာတွေ၊ ၀မ်းနဲစရာတွေ လွှမ်းစရာတွေဖြစ်ရတာပါ။ အတ္တတွေ မာန်မာနတွေနဲ့ အချစ်ကို အရောင်ဆိုးလိုက်တော့ အချစ်ကြောင့် ဘ၀တွေ ပင်ပန်းဆင်းရဲကြရတာပါ။ ဒကြောင့် သူ့ကို စချစ်မိကတည်းက  အရောင်တွေမပါတဲ့ အဖြူရောင်ချစ်ခြင်းမေတ္တာနဲ့ပဲ ချစ်တယ်။ သူ့အပေါ်ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်နဲ့ ချစ်တယ်၊ မပြောင်းလဲသော အချစ်နဲ့ ချစ်သွားမှာပါ။
ဘယ်လိုအရာတွေဘယ်သူတွေကမှ တားဆီးပိတ်ပင်လို့ မရတဲ့မေတ္တာတရားနဲ့ ကျမချစ်သူကို ချစ်တယ်။  အေးချမ်းတဲ့မေတ္တာ၊ နွေးထွေးတဲ့ ချစ်ခြင်း၊ တည်မြဲတဲ့သစ္စာတရားတွေနဲ့
ချစ်နေတာပါ ချစ်သူ....

ကျမရဲ့ ဤသစ္စာစကားကြောင့် ချစ်သူ့ဘ၀ ရေလိုအေး၍ ပန်းလို လန်းဆန်းပါစေ.....








22 May 2012

ချစ်သူဆိုတာ...

ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရနိုင်သလို
အချစ်ဆိုတာလည်း ကိုယ်ချစ်ချင်တိုင်း အဆင်ပြေနေတာ မဟုတ်ဘူးလေ
ဒါပေမဲ့ကိုယ့်အတွက် အချစ်တခုအဆင်ပြေရင်ပဲ
ဘ၀အတွက်မဆိုးလှပါဘူး

ဘာလို့လဲဆိုတော့
ချစ်သူတစ်ယောက်ပိုင်ဆိုင်ထားတဲ့ လူတယောက်အတွက်
အနဲဆုံးတော့ မနက်အိပ်ယာထတခါ ညအိပ်ယာဝင်တခါ
ကိုယ့်ချစ်သူရဲ့ နှုတ်ဆက်စကားလေးတွေနဲ့တင်
တနေ့နှစ်ခါတော့ ဘ၀အတွက်စိတ်ပျော်ရွှင်မှုရှိနေလို့ပါဘဲ

ကိုယ့်ချစ်သူနဲ့အတူ လက်တွဲခွင့်ရပြီဆိုရင်
ဘ၀အမောတွေကို ရင်ဆိုင်ရလည်း
ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေရှိတယ်လေ

ဘဝမှာ နာကျင်ဝမ်းနဲစရာတွေနဲ့ကြုံတွေ့ရတဲ့အခါ
အထီးကျန်စွာငိုကြွေးရခြင်းထက်
တစုံတယောက်ရဲ့ရင်ခွင်မှာငိုကြွေးရခြင်းက
ပိုပြိးသက်တောင့်သက်သာရှိမှာပါ

ဘ၀ဆိုတာ တခါတလေမှာ....
လေညှင်းသာသာနဲ့ ချိုဆိမ့်ဆိမ့်လက်ဖက်ရည်တစ်ခွက်အစား
ပူပြင်းတဲ့နေရောင်အောက်မှာ ဘ၀ခါးခါးကို မျိုချရတတ်ပြန်တယ်
ဘ၀ရဲ့အခက်အခဲတွေရင်ဆိုင်ဖို့အတွက်ရယ်မှ မဟုတ်ပါဘူး
ကိုယ့်ရဲ့စိတ်ခွန်အားအတွက် ငိုကြွေးခြင်းနဲ့ ရယ်မောခြင်းတွေကို
ဖန်တီးပေးတတ်တဲ့ အဖော်ဆိုတာ လိုအပ်လာပြန်တယ်

ချစ်သူနဲ့လက်တွဲခွင့်ရှိတဲ့လူတယောက်ဟာ
မရှိတဲ့လူတယောက်ထက်တော့
အဲဒီအခွင့်အရေးမှာ သူကပိုသာပါတယ်

သင့်မှာရော

18 May 2012

မျဉ်း

မြိုသိပ်တတ်တဲ့ မျက်ဝန်းမှာ
ချစ်ခြင်းရောင်တွေ မြင်နေရတယ်....
လစ်လျုရှုခြင်းရဲ့ နောက်ပါးမှာ
ကြေကွဲခြင်းတွေ ပြည့်သိပ်နေတယ်...
မာနနဲ့ တင်းထားတဲ့ မျက်ဝန်းတွေမှာ
သိမ်ငယ်မှုတွေ ကြီးစိုးနေသလားလို့ပါ...
မာနနဲ့တင်းရင်း ရှောင်လွဲလို့ရစတမ်းဆိုရင်
ရင်နဲ့ ရင်းတဲ့ အကြွင်းတခုတော့ တင်ကျန်ခဲ့မှာပဲလေ...
အခေါ်ခက်တဲ့ ဘ၀မို...မခေါ်ရက်တာပဲ ဖြစ်ဖြစ်
မခေါ်ချင်လို့ တမင်တကာပဲ ဖြစ်ဖြစ်...
ထားရစ်ခဲ့တာကိုပဲ....
ထာ၀၇ ကျေးဇူးတင်တယ်...

ငါရယ်..သူတို့ရယ်..

ကြေကွဲနေတဲ့ ငါ့မျက်ဝန်းတွေကို ကွယ်ဝှက်နိုင်ဖို့
မျက်နှာလွဲ စကားပြောဟန်တွေနဲ့
ငါကျွမ်းကျင်လာခဲ့တယ်...
ရင်မှာ နင့်နေတဲ့ စကားလုံးတွေ
လည်ချောင်းဝကနေ တိုးထွက်မလာနိုင်စေဖို့
ငါ့နှုတ်ခမ်းတွေ တင်းတင်းစေ့ထားခဲ့တယ်...
ဝေ့တက်လာတဲ့ မျက်ရည်ပူတွေကို
လူရှေ့သူရှေ့ မကျအောင်လို့
ငါ့မျက်နှာ အမြဲမော့နေတတ်ခဲ့တယ်....
ကရုဏာသက်စရာ သတ္တ၀ါလို ကြည့်တတ်တဲ့
အကြည့်တွေ ရင်ဆိုင်နိုင်ဖို့
ငါအပြုံးတွေ ဝေေ၀ဆာဆာ ဆင်မြန်းထားတယ်...
မတူကွဲပြားမှုဆိုတဲ့ ခွဲခြားမှုအလွှာတွေ ပါးသထက်ပါးအောင်
သွက်လက်မှု စံနှုန်းကို လိမစ်မီတာထိ ငါမောင်းနှင်ခဲ့ဖူးတယ်...
တားထားတဲ့စည်းတွေ ပိုမြဲအောင်
ငှက်ကလေးတွေ အိပ်တန်းမပြန်ခင်
ငါအရင်အိပ်တန်းဝင်ခဲ့တယ်...
မင်းမှန်တယ်...ငါမှားတယ်ဆိုတာထက်
ငါတို့တွေတယောက်မှ အမှားမရှိအောင်
အမှန်ကန်ဆုံးအခြေအနေ တခုကို
ငါရွေးချယ်ဖန်ဆင်းခဲ့ပါတယ်...
သေချာတာက.....
ဂုဏ်သိက္ခာလို့ ပြောကြတဲ့ စကားတစ်ခွန်းအတွက်
ငါရယ်..သူတို့ရယ်....
ရင်နှီးလိုက်ရတဲ့ လွတ်လပ်မှုတွေ
စောင့်ထိန်းလိုက်ရတဲ့ စည်းတွေ
ပေးဆပ်လိုက်ရတဲ့...နာကျင်မှုတွေ
ခံစားလိုက်ရတဲ့ စိတ်အမောတွေကို
....နဲ့ ငါအလှဲအလှယ် မပြုနိုင်ပါဝူး..




မာနမဲ့စွာ

ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
 မောင်စိန်ဝင်း(ပုတီးကုန်း)

ရာသီစာ အလွှမ်း

ပန်းတပွင့်ရဲ့ သီအိုရီမှာ

အချစ်သီချင်းတပုဒ် ဆိုခဲ့ဖူးသလို

အလွမ်းတေးတစ်ပုဒ်လဲ ညည်းဖူးလေရဲ့...

ဇွန်လရယ် ရောက်လေတိုင်း

ရာသီက ဖျားတာလား

ကိုယ်ကပဲ နာတာရှည်တာလား

ဝသန်မိုးစက်ရဲ့ အေးမြမှုက

ငါ့ရင်ကို ပိုပူလောင်နေစေတယ်

မိုးစက်ဖွဲဖွဲလေးတွေလည်း

ငါ့်ရဲ့ အချစ်တွေနှင့် အပြိုင်အဆိုင်

သူ့အချစ်မှာ စာမတင်ရစ်ခဲ့တဲ့ ဒီအဖြစ်

လိုက်ကာပါးနောက်က ဇာတ်ညွန်းတွေ အရ

သူဟာ ကယ်တင်ရှင်တပါးလဲ ဖြစ်တယ်

သူဟာ သခင်ဆိုးတစ်ဆူလဲဟုတ်တယ်

သိုပေမဲ့လည်းလေ…

သံသရာအလွမ်း ငွေတောင်တန်းလေးတွေမှာ

စိုးရွံ့တဲ့ စိတ်တွေနဲ့အတူ

မိုးစက်ဖြူကလေးရေ…..၀တ္တရားအရ ရွာချပေဦးတော့....